လွယ်လွယ်ပြောရရင် RAT (Remote Access Trojan) ဆိုတာ ကွန်ပျူတာထဲကို တိတ်တိတ်လေး ဝင်ပြီး အဝေးက Hacker ကို ကွန်ပျူတာကို အပြည့်အဝ ထိန်းချုပ်ခွင့် ပေးတဲ့ Malware ပါ။ ပုံမှန် Virus က ဖိုင်တွေ ဖျက်တာ၊ စနစ် ပျက်စီးစေတာမျိုး လုပ်ပေမယ့် RAT က ဘာမှမဖျက်ဘူး — သူက ပုန်းနေပြီး Hacker ကို ကွန်ပျူတာ ရှေ့မှာ ထိုင်နေသလို အလုပ်လုပ်ခွင့် ပေးတယ်။

ကျွန်တော် ဒါကို အိမ်မှာ ခိုးဝင်ပြီး သော့ပုန်းထားတဲ့ သူခိုးနဲ့ ဥပမာပေးချင်တယ်။ သူခိုးက အိမ်ထဲ ဝင်လာပြီး ဘာမှမခိုးဘူး — သူက တံခါးနောက်မှာ ပုန်းနေပြီး အိမ်ရှင် အိပ်သွားတဲ့အခါ ထွက်လာတယ်။ ကွန်ပျူတာ ဖွင့်တယ်၊ ဖိုင်တွေ ဖတ်တယ်၊ Password တွေ ခိုးတယ်၊ Camera ကို ဖွင့်တယ် — ပြီးရင် ပြန်ပုန်းသွားတယ်။ အိမ်ရှင်က ဘာမှမသိဘူး။ RAT လည်း အဲဒီလိုပါပဲ။ ကွန်ပျူတာထဲ ဝင်ပြီးရင် တိတ်တိတ်လေး ပုန်းနေပြီး Hacker က အဝေးကနေ အမိန့်ပေးသမျှကို လုပ်ပေးတယ်။

RAT က ဘာတွေ လုပ်နိုင်လဲ?

Hacker က ကွန်ပျူတာ ရှေ့မှာ ထိုင်နေသလို အကုန် လုပ်နိုင်တယ်။

Screen ကို ကြည့်တာ — ကိုယ် Screen ပေါ် ဘာလုပ်နေလဲ အကုန် မြင်တယ်။ Bank Account ဖွင့်တာတောင် မြင်တယ်။
Keyboard နဲ့ Mouse ကို ထိန်းတာ — ကိုယ်မနှိပ်ဘဲ Mouse က ရွေ့သွားတာ၊ စာတွေ အလိုလို ရိုက်ထည့်ခံရတာ ဖြစ်နိုင်တယ်။
File တွေ ခိုးတာ — Document၊ ဓာတ်ပုံ၊ Password သိမ်းထားတဲ့ ဖိုင်တွေကို အဝေးကို ပို့တယ်။
Camera နဲ့ Microphone ဖွင့်တာ — Webcam မီးမလင်းဘဲ ဖွင့်ထားတာ ဖြစ်နိုင်တယ်။ အသံကိုလည်း နားထောင်နိုင်တယ်။
Password ခိုးတာ — ရိုက်သမျှ စာတိုင်းကို မှတ်ထားတယ်။ Keylogger လို အလုပ်လုပ်တယ်။
တခြား Malware ထပ်သွင်းတာ — Ransomware ဒါမှမဟုတ် တခြား Virus တွေကို ထပ်ပြီး Download လုပ်ခိုင်းတယ်။

ဘယ်လိုဝင်လာတာလဲ?

Email Attachment — “Invoice.pdf.exe” လို ဖိုင်ကို ဖွင့်မိတာ။ PDF ပုံစံနဲ့ လာပေမယ့် တကယ်က Program ပါ။
Crack လုပ်ထားတဲ့ Software — အလကား Download လုပ်တဲ့ Game၊ Adobe Crack၊ Windows Activator တွေထဲမှာ ထည့်ထားတတ်တယ်။
လိမ်တဲ့ Download Link — “ဒီ Software ကို Download လုပ်ပါ” ဆိုပြီး လိမ်ထားတဲ့ Site တွေ။
USB Stick — သူများ USB ကို ထိုးမိတာ။ Autorun နဲ့ ကူးတတ်တယ်။
Phishing Link — “သင့်အကောင့် အတည်ပြုပါ” ဆိုတဲ့ Link ကို နှိပ်မိတာ။

ဘယ်လို သတိထားရမလဲ?

ကွန်ပျူတာမှာ RAT ရှိနေရင် ဒီလက္ခဏာတွေ ပေါ်တတ်တယ်။

Mouse က ကိုယ်မထိဘဲ ရွေ့တာ၊ Window တွေ အလိုလို ဖွင့်တာ ပိတ်တာ
ကွန်ပျူတာ နှေးသွားတာ၊ Fan က အလုပ်မလုပ်ဘဲနဲ့ အသံကျယ်လာတာ — နောက်ကွယ်မှာ တစ်ခုခု Run နေလို့ပါ
Webcam မီး ကိုယ်မဖွင့်ဘဲ လင်းနေတာ
Internet Data ပုံမှန်ထက် အများကြီး ကုန်နေတာ — ဖိုင်တွေ အဝေးကို ပို့နေလို့ပါ
Antivirus က ပိတ်သွားတာ၊ Update လုပ်လို့ မရတော့တာ

ကာကွယ်နည်း

Software ကို တရားဝင် Site ကနေပဲ Download လုပ်ပါ — Crack နဲ့ အလကား Version တွေကို ရှောင်ပါ။
Email Attachment ကို မသိတဲ့ လူကပို့ရင် မဖွင့်ပါနဲ့။ .exe၊ .scr၊ .bat ဖိုင်တွေကို သတိထားပါ။
Antivirus ကို ဖွင့်ထားပြီး Update အမြဲ လုပ်ပါ။
Webcam ကို မသုံးတဲ့အခါ Tape လေးနဲ့ ကပ်ထားပါ — ရိုးရိုးလေးပေမယ့် အလုပ်ဖြစ်တယ်။
Windows Update နဲ့ Software Update တွေကို အမြဲ တင်ပါ — RAT တွေ အသုံးချတဲ့ အားနည်းချက်တွေကို Update က ပိတ်ပေးတယ်။
နှစ်ဆင့် အတည်ပြုခြင်း (2FA) ကို ဖွင့်ထားပါ — Password ခိုးခံရရင်တောင် အကောင့် ဝင်လို့ မရဘူး။

RAT က အကြောက်စရာ အကောင်းဆုံး Malware တွေထဲက တစ်ခုပါ။ ဖိုင်တွေ ဖျက်တာထက် ပိုဆိုးတယ် — သူက ကိုယ့်ကွန်ပျူတာကို ကိုယ်မသိဘဲ သူများလက်ထဲ ထည့်ပေးလိုက်တာပါ။ ဒါကြောင့် Crack Software နဲ့ သံသယဖြစ်စရာ Attachment တွေကို အမြဲ သတိထားပါ။ 🙂

—

Avatar photo
Min SiThu
@itsmeminsithu

Software Engineer & Tech Content Creator

View all posts