လွယ်လွယ်ပြောရရင် MFA Fatigue Attack ဆိုတာ Hacker က ကိုယ့် password ကို အရင် ရထားပြီးသား၊ ပြီးတော့ ကိုယ့် Login ကို ဝင်ဖို့ ကြိုးစားတိုင်း ကိုယ့်ဖုန်းဆီ “Approve လား?” ဆိုတဲ့ Push Notification ကို အကြိမ်ကြိမ် ပို့ပြီး ကိုယ် စိတ်ညစ်၊ အိပ်ငိုက်နေတုန်း မှားပြီး Approve နှိပ်မိအောင် လုပ်တဲ့ တိုက်ခိုက်နည်းပါ။

ကျွန်တော် ဒါကို တံခါးခေါက်တဲ့ သူနဲ့ ဥပမာပေးချင်တယ်။ တစ်ယောက်ယောက်က ကိုယ့်အိမ် တံခါးကို တစ်ညလုံး တဒေါင်ဒေါင် လာခေါက်နေတယ်။ ပထမ တစ်ခါ နှစ်ခါ လျစ်လျူရှုလို့ရတယ်။ ဆယ်ခါ၊ နှစ်ဆယ်ခါ ဖြစ်လာရင် စိတ်တိုလာတယ်၊ အိပ်ရေးပျက်လာတယ်၊ နောက်ဆုံး “ဘာလဲကွာ” ဆိုပြီး တံခါးဖွင့်ပေးမိတယ်။ MFA Fatigue လည်း အတူတူပဲ — Notification များများလာလေ၊ လူက မှားနှိပ်မိလေပဲ။

ဒီ Attack က ဘယ်လို အလုပ်လုပ်တာလဲ?

အဆင့် ၁ — Password ရအောင် ယူတယ် — Phishing email၊ ဒေတာ leak၊ Credential Stuffing — နည်းအမျိုးမျိုးနဲ့ ကိုယ့် password ကို အရင် ရတယ်။ Password အကြောင်း ပြောခဲ့ဖူးတယ်။
အဆင့် ၂ — Login ဝင်ဖို့ ကြိုးစားတယ် — Hacker က ကိုယ့် username နဲ့ password နဲ့ Login ဝင်တယ်။ 2FA ခံထားတော့ ကိုယ့်ဖုန်းဆီ Approve တောင်းတဲ့ Notification ရောက်လာတယ်။
အဆင့် ၃ — အကြိမ်ကြိမ် ပို့တယ် — Hacker က Login ကို တစ်ခါတည်း မဟုတ်ဘဲ ဆယ်ခါ၊ နှစ်ဆယ်ခါ၊ တစ်ခါတလေ တစ်ညလုံး ထပ်ခါထပ်ခါ ကြိုးစားတယ်။ ဖုန်းက တဗြွမ်ဗြွမ် မြည်နေတော့တာပဲ။
အဆင့် ၄ — တစ်ခါ မှားနှိပ်မိတာနဲ့ ပြီးပြီ — ကိုယ် အိပ်ငိုက်နေတုန်း၊ စိတ်ညစ်နေတုန်း၊ ဒါမှမဟုတ် Notification ကို အမှားနဲ့ ရှင်းဖို့ Approve နှိပ်မိတာနဲ့ Hacker က Account ထဲ ဝင်သွားပြီ။

တကယ် ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေ

2022 မှာ Uber ကို Lapsus$ ဆိုတဲ့ Hacker အဖွဲ့က ဒီနည်းနဲ့ တိုက်ခိုက်ခဲ့တယ်။ Uber ဝန်ထမ်းတစ်ယောက်ရဲ့ password ကို ရထားပြီးသား၊ ပြီးတော့ MFA Notification ကို တစ်နာရီကျော် အကြိမ်ကြိမ် ပို့တယ်။ နောက်ဆုံး ဝန်ထမ်းက Approve နှိပ်မိသွားပြီး Hacker တွေ Uber ရဲ့ အတွင်းပိုင်း System ထဲ ဝင်သွားတယ်။ Microsoft က 2023 မှာ သတိပေးခဲ့တယ် — ဒီနည်းနဲ့ တိုက်ခိုက်တာ အများကြီး များလာနေပြီလို့။

ကိုယ့်ဖုန်းဆီ မမျှော်လင့်ဘဲ Approve တောင်းလာရင် ဘာလုပ်ရမလဲ?

Approve လုံးဝ မနှိပ်ပါနဲ့ — ကိုယ်တိုင် Login မဝင်ဘဲ Notification ရောက်လာရင် ဒါက တိုက်ခိုက်ခံနေရတဲ့ သင်္ကေတပါ။ Deny ဒါမှမဟုတ် လျစ်လျူရှုပါ။
Password ချက်ချင်း ပြောင်းပါ — Notification ရောက်လာတယ်ဆိုတာ Hacker က ကိုယ့် password ကို သိပြီးသားလို့ အဓိပ္ပာယ် ရတယ်။ ခိုင်မာတဲ့ password အသစ်နဲ့ ချက်ချင်း ပြောင်းပါ။
Session တွေကို ပြန်စစ်ပါ — Google, Microsoft လို Account တွေမှာ “Signed-in devices” ကို စစ်ပြီး မသိတဲ့ Device တွေကို Sign out လုပ်ပါ။
IT ဒါမှမဟုတ် Security အဖွဲ့ကို ပြောပါ — အလုပ်က Account ဆိုရင် IT ကို ချက်ချင်း အကြောင်းကြားပါ။ သူတို့က Attack ကို ပိတ်ဖို့ ကူညီပေးနိုင်တယ်။

ဒီ Attack ကို ဘယ်လို ကာကွယ်မလဲ?

Number Matching ဖွင့်ပါ — Microsoft Authenticator မှာ Number Matching ဆိုတဲ့ နည်းရှိတယ်။ Login ဝင်တဲ့အခါ Screen ပေါ်မှာ ဂဏန်း ၂ လုံး ပြတယ်၊ ကိုယ့်ဖုန်းမှာ အဲဒီ ဂဏန်းကို ရွေးနှိပ်ရတယ်။ ဒီလိုဆို Hacker က Notification ပို့ရုံနဲ့ မရတော့ဘူး — ဂဏန်းမှန်မှ ဝင်လို့ရတယ်။ Google, Microsoft, Okta တို့မှာ ဒါကို ဖွင့်လို့ရတယ်။
Security Key သုံးပါ — YubiKey လို Hardware Key သုံးရင် ဒီ Attack က လုံးဝ မဖြစ်နိုင်တော့ဘူး။ Notification ဆိုတာ ရှိတော့မှာ မဟုတ်ဘူး — Key ကို ကိုယ်တိုင် ထိမှ Login ဝင်လို့ရတယ်။ အရေးကြီးတဲ့ Account တွေမှာ သုံးသင့်တယ်။
Push Notification အစား Authenticator App ရဲ့ Code သုံးပါ — 6 လုံး Code ရိုက်ရတဲ့ 2FA က MFA Fatigue နဲ့ မတိုက်ခိုက်နိုင်ဘူး။ Hacker က Code ကို ကိုယ်ဆီက တောင်းရမှာပါ။
Login Attempt များရင် Lock လုပ်တဲ့ စနစ် ဖွင့်ပါ — Company Account တွေမှာ Login မှားတာ များရင် Account ကို ခဏ Lock လုပ်တဲ့ Policy ထားသင့်တယ်။

2FA ထားတာ လုံခြုံတယ်ဆိုတာ မှန်တယ်၊ ဒါပေမယ့် 2FA တစ်ခုတည်းနဲ့ လုံခြုံပြီလို့ ထင်လို့ မရဘူး။ ကိုယ် မဝင်ဘဲ Approve တောင်းလာရင် အဲဒါက သတိပေးသံပါ။ Approve ကို မှားနှိပ်မိတဲ့ တစ်ချက်တည်းနဲ့ Account တစ်ခု ဆုံးရှုံးသွားနိုင်တယ်။ ဖုန်း မြည်လာတိုင်း ဘာလဲ တစ်ချက် ကြည့်ပါ။ 🙂

—

Avatar photo
Min SiThu
@itsmeminsithu

Software Engineer & Tech Content Creator

View all posts