လွယ်လွယ်ပြောရရင် Prompt Caching ဆိုတာ AI ကို တစ်ခါမေးပြီးသား စာရှည်ကြီးကို ဒုတိယအကြိမ် ပြန်မဖတ်ခိုင်းဘဲ မှတ်ထားတဲ့ အဖြေကို ပြန်သုံးတဲ့ နည်းပါ။ AI က စာတစ်ကြောင်း ဖတ်တိုင်း Token နဲ့ ကုန်ကျစရိတ် တွက်တာဆိုတော့ အကြိမ်တိုင်း အစကနေ ပြန်ဖတ်နေရင် ပိုက်ဆံ အများကြီး ကုန်တယ်။ Caching က အဲဒီ စာရှည်ကြီးကို တစ်ခါတည်း ဖတ်ပြီး သိမ်းထားလိုက်တာ — နောက်တစ်ခါ မေးရင် ဖတ်ပြီးသား အပိုင်းကို ပြန်မတွက်ဘူး။

ကျွန်တော် ဒါကို ဖတ်စာအုပ်မှာ စာမျက်နှာ ထောင်ထားတာနဲ့ ဥပမာပေးချင်တယ်။ စာမေးပွဲ ဖြေဖို့ စာအုပ် အထူကြီးကို ဖတ်ရတယ်ဆိုပါစို့။ ပထမတစ်ခေါက် အစကနေ အဆုံးထိ ဖတ်ရတယ်။ ဒုတိယတစ်ခေါက် ပြန်ဖတ်တော့ စာမျက်နှာ ထောင်ထားတဲ့ နေရာကနေ စဖတ်လို့ရတယ် — အစကနေ ပြန်ဖတ်စရာ မလိုဘူး။ Prompt Caching လည်း အဲဒီလိုပါပဲ။ System Prompt ရှည်ရှည်၊ စာရွက်စာတမ်း အထူကြီး၊ Code ဖိုင် အကြီးကြီး — ဒါတွေကို AI က တစ်ခါဖတ်ပြီး မှတ်ထားတယ်။ နောက်တစ်ခါ မေးခွန်း အသစ်မေးရင် အဲဒီ စာတွေကို ပြန်မဖတ်ဘဲ အသစ်မေးတဲ့ အပိုင်းကိုပဲ တွက်တယ်။

ဘယ်အချိန်မှာ သုံးလဲ?

AI Agent တွေ — Agent တစ်ယောက်က အလုပ်တစ်ခုလုပ်ဖို့ Tool တွေ ခေါ်ရင်း AI ကို အကြိမ်ပေါင်းများစွာ မေးရတယ်။ မေးတိုင်းမှာ System Prompt နဲ့ ညွှန်ကြားချက်တွေက အတူတူပဲ။ Caching မရှိရင် မေးတိုင်း အဲဒီ စာရှည်ကြီးကို ပြန်တွက်ရတယ် — ပိုက်ဆံရော အချိန်ရော ကုန်တယ်။
Document နဲ့ စကားပြောတာ — စာအုပ်တစ်အုပ် ဒါမှမဟုတ် စာရွက်စာတမ်း တစ်ထုပ်ကို Upload လုပ်ပြီး မေးခွန်းတွေ အများကြီး မေးတဲ့အခါ။ စာရွက်ကို တစ်ခါတည်း ဖတ်ပြီး Cache လုပ်ထားရင် မေးခွန်းတိုင်းမှာ စျေးသက်သာတယ်။
Codebase နဲ့ အလုပ်လုပ်တာ — Cursor ဒါမှမဟုတ် Copilot လို Tool တွေက Project ရဲ့ Code ဖိုင်တွေကို အကြိမ်ကြိမ် AI ဆီ ပို့တယ်။ Code က တစ်ခါတစ်လေ မပြောင်းပေမယ့် မေးတိုင်းပို့ရင် Token ကုန်တယ်။ Cache က အဲဒါကို သက်သာစေတယ်။
Customer Support Chatbot — Company Policy၊ Product အချက်အလက်တွေ အတူတူပဲ ထပ်ထပ်ပို့ရတဲ့ Chatbot တွေ။

ဘယ်လို အလုပ်လုပ်တာလဲ?

Prompt ရဲ့ အစောပိုင်း အပိုင်းကို Cache လုပ်တာပါ။ အရေးကြီးတဲ့ အချက်က အစောပိုင်း အပိုင်းက အတူတူပဲ ဖြစ်ရမယ် ဆိုတာပါ။ ဥပမာ System Prompt အရင်၊ ပြီးမှ စာရွက်စာတမ်း၊ ပြီးမှ မေးခွန်း — ဒီအစီအစဉ်က အကြိမ်တိုင်း တူရတယ်။ မေးခွန်းကို အရှေ့မှာ ထားလိုက်ရင် Cache က ပျက်သွားတယ်။ ဒါကြောင့် Developer တွေက ပြောင်းလဲတတ်တဲ့ မေးခွန်းကို Prompt ရဲ့ အဆုံးမှာ ထားပြီး မပြောင်းတတ်တဲ့ စာရှည်ကြီးကို အရှေ့မှာ ထားတယ်။

Cache ထားတဲ့ အချက်အလက်က အချိန်အကန့်အသတ်နဲ့ပဲ ရှိနေတယ်။ ဥပမာ Anthropic ရဲ့ Claude မှာ Cache က ၅ မိနစ်လောက် နေတယ် — အဲဒီအချိန်အတွင်း ပြန်မမေးရင် ပျက်သွားပြီး နောက်တစ်ခါ အစက ပြန်ဖတ်ရတယ်။ OpenAI မှာလည်း အလားတူပါပဲ။ Cache ရေးတာ (Cache Write) က ပုံမှန် ဖတ်တာထက် အနည်းငယ် ပိုစျေးကြီးပေမယ့် ပြန်ဖတ်တာ (Cache Read) က ၁၀ ဆ လောက်အထိ စျေးသက်သာတယ်။ ဒါကြောင့် တစ်ခါဖတ်ပြီး အကြိမ်များများ ပြန်သုံးနိုင်ရင် အများကြီး သက်သာတယ်။

ကိုယ်တိုင် သုံးတဲ့အခါ သိထားရမှာတွေ

မပြောင်းတတ်တဲ့ စာရှည်ကြီး — System Prompt၊ စာရွက်စာတမ်း၊ ညွှန်ကြားချက်တွေ — ကို Prompt ရဲ့ အရှေ့ဆုံးမှာ ထားပါ။
မေးခွန်းနဲ့ ပြောင်းလဲနေတဲ့ အချက်တွေကို အဆုံးမှာပဲ ထားပါ။
Cache က အချိန်အကန့်အသတ်နဲ့ ပျက်တတ်တာကို သတိထားပါ — မိနစ်အနည်းငယ် မမေးရင် အစက ပြန်ဖတ်ရတယ်။
Token စျေး သက်သာတာနဲ့ အဖြေ မြန်တာ နှစ်ခုလုံး ရတယ် — ဒါကြောင့် App တွေ အများကြီးမှာ ဒီနည်းကို သုံးနေကြပြီ။

Prompt Caching က AI သုံးတဲ့ ကုန်ကျစရိတ်ကို တကယ်လျှော့ချပေးတဲ့ နည်းလမ်းတစ်ခုပါ။ AI ကို တစ်နေ့ကို အကြိမ်ရေ ထောင်ချီမေးတဲ့ App တွေမှာ ဒီနည်းက ပိုက်ဆံ အများကြီး သက်သာစေတယ်။ စာမျက်နှာ ထောင်ထားသလိုပဲ — ဖတ်ပြီးသားကို ပြန်မဖတ်ဘူး၊ လိုတဲ့နေရာကနေ ဆက်ဖတ်ရုံပဲ။ 🙂

—

Avatar photo
Min SiThu
@itsmeminsithu

Software Engineer & Tech Content Creator

View all posts