လွယ်လွယ်ပြောရရင် Word Embedding ဆိုတာ စကားလုံးတစ်လုံးချင်းစီကို သူ့အဓိပ္ပာယ်နဲ့ ကိုက်ညီတဲ့ ဂဏန်းအုပ်စုလေး (Vector) တစ်ခု အဖြစ် ပြောင်းပေးတဲ့ နည်းလမ်းပါ။ အဓိပ္ပာယ် နီးတဲ့ စကားလုံးတွေရဲ့ ဂဏန်းတွေကလည်း အချင်းချင်း နီးနီးလေး ဖြစ်နေအောင် လုပ်ထားတာမျိုးပါ။
ဘာလို့ ဒီလို ပြောင်းဖို့ လိုတာလဲ ဆိုတော့ ကွန်ပျူတာဆိုတာ စာလုံးကို နားမလည်ပါဘူး။ သူ နားလည်တာက ဂဏန်းပဲ ရှိပါတယ်။ ဒါပေမယ့် စကားလုံးတွေကို အဘိဓာန် အစဉ်အတိုင်း နံပါတ် ပေးလိုက်ရုံနဲ့လည်း မပြီးပါဘူး။ ဥပမာ king ကို 1, queen ကို 2, banana ကို 3 လို့ ပေးထားရင် ကွန်ပျူတာက king နဲ့ queen က နီးတယ်၊ banana က ဝေးတယ်လို့ ဘယ်လိုမှ မသိနိုင်ပါဘူး။ နံပါတ်တွေက အစဉ်လိုက်ပဲ ရှိပြီး အဓိပ္ပာယ် ဘာမှ မပါလို့ပါ။
ကျွန်တော် ဒါကို မြေပုံနဲ့ စဉ်းစားရတာ သဘောကျပါတယ်။ မြေပုံပေါ်မှာ မြို့တွေကို ကြည့်ပါ။ ရန်ကုန် နဲ့ မန္တလေးက တစ်နိုင်ငံထဲမို့ အတော်လေး နီးနီး ရှိပြီး အမေရိကက မြို့တွေကတော့ အဝေးကြီးမှာ ရှိပါတယ်။ မြို့တစ်မြို့ရဲ့ တည်နေရာကို သိရုံနဲ့ ဘယ်မြို့နဲ့ နီးတယ်၊ ဘယ်မြို့နဲ့ ဝေးတယ် ဆိုတာ ချက်ချင်း ပြောနိုင်ပါတယ်။
Word Embedding လည်း အဲဒီအတိုင်းပါပဲ။ စကားလုံးတိုင်းကို “အဓိပ္ပာယ် မြေပုံ” ပေါ်က နေရာတစ်ခုစီမှာ ချထားလိုက်တာပါ။ king နဲ့ queen က မြေပုံပေါ်မှာ အိမ်နီးချင်း ဖြစ်ပြီး banana ကတော့ အဝေးတစ်နေရာမှာ ရောက်နေပါတယ်။ ကွန်ပျူတာက စကားလုံးနှစ်လုံး ဘယ်လောက် နီးလဲ သိချင်ရင် မြေပုံပေါ်က အကွာအဝေးကို တိုင်းလိုက်ရုံပါပဲ။
အရင်က သုံးခဲ့တဲ့ One-Hot ဆိုတဲ့ နည်းနဲ့ ယှဉ်ကြည့်ရင် ပိုရှင်းပါတယ်။ အဲဒီနည်းမှာတော့ စကားလုံးတိုင်းကို ဂဏန်း အရှည်ကြီး တစ်တန်း ပေးထားပြီး ကိုယ့်အလှည့်နေရာမှာ 1 တစ်လုံးပဲ ပါပြီး ကျန်တာတွေ အကုန် 0 ဖြစ်နေတာပါ။ စကားလုံး သိန်းချီ ရှိရင် ဂဏန်းတန်းကလည်း သိန်းချီ ရှည်သွားပြီး အချင်းချင်း ဘယ်လောက် နီးတယ်ဆိုတာလည်း ဘာမှ မပြောပြနိုင်ပါဘူး။ Embedding ကတော့ ဂဏန်း နည်းနည်းလေးနဲ့ အဓိပ္ပာယ်ကိုပါ ထည့်ပေးလိုက်တာပါ။
ဘယ်သူက စခဲ့တာလဲ
ဒီနည်းကို လူသိများလာစေတာက 2013 ခုနှစ်မှာ Google က Tomas Mikolov နဲ့ အဖွဲ့ ထုတ်ခဲ့တဲ့ Word2Vec ပါ။ သတင်းစာသားတွေ အများကြီးနဲ့ Train လိုက်တဲ့အခါ စကားလုံးတွေက သူတို့ အဓိပ္ပာယ်အတိုင်း အစုလိုက် အစုလိုက် ဖြစ်သွားတာကို တွေ့လိုက်ရတာပါ။ နောက်တော့ Stanford က GloVe ဆိုတဲ့ နောက်တစ်နည်း ထပ်ထွက်လာပါတယ်။ GloVe ဆိုတဲ့ နာမည်ကလည်း Global Vectors ဆိုတာကို အတိုကောက် ခေါ်ထားတာပါ။ အခုခေတ် AI တွေမှာတော့ Embedding က မပါမဖြစ် အခြေခံ အဆင့် ဖြစ်သွားပါပြီ။
ဘယ်လို တွက်တာလဲ
အခြေခံ အတွေးက ရိုးရိုးလေးပါ။ စကားလုံးတစ်လုံးရဲ့ အဓိပ္ပာယ်ကို သူနဲ့ အတူ ပါလေ့ရှိတဲ့ စကားလုံးတွေက ပြောပြပေးပါတယ်။ king ဆိုတဲ့ စကားလုံးနားမှာ crown, palace, rules ဆိုတာတွေ ခဏခဏ ပေါ်လာနေရင် ဒီစကားလုံးက ဘုရင်နဲ့ ဆိုင်တာပဲလို့ ခန့်မှန်းနိုင်ပါတယ်။ လုပ်တဲ့ အဆင့်တွေက ဒီလိုပါ။
– စာကြောင်းတွေထဲမှာ စကားလုံးတစ်လုံးရဲ့ အနားမှာ (စာကြောင်းတစ်ကြောင်းထဲမှာ) ဘယ်စကားလုံးတွေ ပါလာသလဲ အရင် ကြည့်ပါ။
– အတူ ပါတဲ့ အကြိမ်အရေအတွက်ကို ရေတွက်ပြီး စကားလုံးတိုင်းအတွက် ဂဏန်းအုပ်စု (Vector) တစ်ခု ဆောက်ထားပါ။
– အခြေအနေ တူတဲ့ နေရာတွေမှာ ပေါ်လေ့ရှိတဲ့ စကားလုံးတွေက Vector ချင်း အလိုအလျောက် နီးသွားပါတယ်။
– Vector နှစ်ခု ဘယ်လောက် နီးလဲ ဆိုတာကို Cosine Similarity နဲ့ တိုင်းပါ။ 1 နဲ့ နီးလေ အဓိပ္ပာယ် နီးလေပါပဲ။
တစ်ခုပြောဖို့ ကျန်တာက “အနားမှာ” ဆိုတာပါ။ ကျွန်တော်တို့ နမူနာမှာတော့ စာကြောင်းတစ်ကြောင်းလုံးကို အိမ်နီးချင်း အဖြစ် သတ်မှတ်လိုက်ပါတယ်။ အစစ်အမှန် Word2Vec မှာတော့ စကားလုံးတစ်လုံးရဲ့ ဘယ်ညာ 5 လုံးစီ လောက်ကိုပဲ ကြည့်ပါတယ်။ Cosine Similarity ဆိုတာကတော့ Vector မြှား နှစ်ခု ဘယ်လောက် ဦးတည်ရာ တူလဲ တိုင်းတာပါ။ 1 ဆိုရင် ဦးတည်ရာ လုံးဝနီးပါး တူပြီး 0 ဆိုရင် လုံးဝ မဆိုင်သလောက် ဖြစ်ပါတယ်။
စာကြောင်း 12 ကြောင်းနဲ့ စမ်းကြည့်ရအောင်
စာများများ မလိုပါဘူး။ အင်္ဂလိပ်စာကြောင်း တိုတိုလေး 12 ကြောင်းနဲ့ စမ်းကြည့်ပါမယ်။ “the king rules the kingdom”, “the queen wears the crown”, “the man works the farm” ဆိုတဲ့ ပုံစံမျိုးတွေပါ။ king နဲ့ queen က စာကြောင်းတွေထဲမှာ ပုံစံတူ နေရာတွေမှာ ပေါ်လာပြီး man နဲ့ woman ကလည်း သူတို့ အချင်းချင်း ပုံစံတူ ပေါ်လာပါတယ်။ ကွန်ပျူတာကိုတော့ ဘယ်သူက ဘုရင်၊ ဘယ်သူက မိဖုရား ဆိုတာ လုံးဝ မပြောပြထားပါဘူး။ ရေတွက်တာပဲ လုပ်ခိုင်းထားတာပါ။ စာကြောင်းတွေကို အင်္ဂလိပ်လို ရေးထားတာကလည်း အကြောင်း ရှိပါတယ်။ အင်္ဂလိပ်စာမှာ စကားလုံးတွေကို Space ခြားပြီး ရေးတာမို့ ခွဲထုတ်ရတာ လွယ်ပါတယ်။ မြန်မာစာမှာတော့ စကားလုံးတွေ ဆက်ရေးတာမို့ အရင်ဆုံး စကားလုံး ခွဲထုတ်တဲ့ အဆင့် တစ်ခု ပိုလိုပါတယ်။ အဲဒါကိုယ်က Myanmar NLP ရဲ့ အခက်အခဲ တစ်ခုပါ။
Code နဲ့ ရေးရင် ဒီလိုပါ
Python နဲ့ ရေးထားပါတယ်။ Library အထူးအဆန်း မလိုပါဘူး။ math တစ်ခုတည်းနဲ့ ပြီးပါတယ်။
import math
# သင်ပေးမယ့် စာကြောင်းလေးတွေ (Training Corpus)
corpus = [
"the king rules the kingdom",
"the queen rules the kingdom",
"the king wears the crown",
"the queen wears the crown",
"the king guards the palace",
"the queen guards the palace",
"the man works the farm",
"the woman works the farm",
"the man is strong",
"the woman is strong",
"the king is a man",
"the queen is a woman",
]
# စကားလုံး စာရင်း အရင် လုပ်တယ်
words = sorted({w for s in corpus for w in s.split()})
index = {w: i for i, w in enumerate(words)}
# စာကြောင်းတစ်ကြောင်းထဲ အတူပါတဲ့ စကားလုံးတွေကို ရေတွက်တယ်
vectors = {w: [0] * len(words) for w in words}
for s in corpus:
ws = s.split()
for w in ws:
for c in ws:
if c != w:
vectors[w][index[c]] += 1
def cosine(a, b):
dot = sum(x * y for x, y in zip(a, b))
na = math.sqrt(sum(x * x for x in a))
nb = math.sqrt(sum(y * y for y in b))
return dot / (na * nb)
def most_similar(word, top=3):
scores = []
for w in words:
if w != word:
scores.append((w, cosine(vectors[word], vectors[w])))
scores.sort(key=lambda x: -x[1])
return scores[:top]
for w, score in most_similar("king"):
print(w, round(score, 2))
Code က လုပ်သွားတာ သုံးဆင့်တည်းပါ။ အရင်ဆုံး စာကြောင်း 12 ကြောင်းထဲက စကားလုံး စာရင်းကို ထုတ်ပါတယ်။ နောက်တော့ စာကြောင်းတစ်ကြောင်းထဲ အတူပါတဲ့ စကားလုံးတွေကို တစ်ခါပါ တစ်ခါ ရေတွက်ပြီး စကားလုံးတိုင်းအတွက် Vector တစ်ခု ဆောက်ပါတယ်။ နောက်ဆုံးမှာတော့ “king” နဲ့ ကျန်တဲ့ စကားလုံးတွေရဲ့ Cosine Similarity ကို တိုင်းပြီး အနီးဆုံး သုံးလုံးကို ထုတ်ပြပါတယ်။
Run လိုက်ရင် အဖြေက ဒီလိုပါ။ queen က 0.98 နဲ့ ထိပ်ဆုံးမှာ ရောက်နေပြီး crown နဲ့ guards က 0.84 စီနဲ့ နောက်က လိုက်လာပါတယ်။
king ရဲ့ Vector ကို ဖွင့်ကြည့်ရင် ဒီလို တွေ့ရပါတယ်။ the က 7 ကြိမ်၊ rules, wears, guards, crown, palace, kingdom, is, a, man က တစ်ကြိမ်စီ ပါပါတယ်။ queen ရဲ့ Vector ကလည်း အံ့သြစရာ ကောင်းလောက်အောင် တူပါတယ်။ ကွာတာဆိုလို့ တစ်နေရာပဲ ရှိပါတယ်။ king မှာ man ပါတဲ့ နေရာမှာ queen မှာ woman ပါနေတာပါ။ ကျန်တာတွေ အကုန် အတူတူပါပဲ။ စာကြောင်း ဖွဲ့စည်းပုံက အဲဒီလောက် တူနေမှတော့ Vector ချင်း မနီးဘဲ နေပါ့မလား။
စဉ်းစားကြည့်ပါ။ ကွန်ပျူတာကို queen က မိဖုရား ဖြစ်တယ်၊ ဘုရင်နဲ့ ဆိုင်တယ် လို့ ဘယ်သူမှ မသင်ပေးခဲ့ပါဘူး။ သူ လုပ်ခဲ့တာက စာကြောင်း 12 ကြောင်းထဲမှာ ဘယ်စကားလုံးတွေ အတူ ပါလဲ ဆိုတာ ရေတွက်ခဲ့ရုံပါပဲ။ king ရော queen ရော rules, wears, guards, crown, palace ဆိုတဲ့ စကားလုံးတွေနဲ့ အတူ ပေါ်လာတာမို့ သူတို့ Vector တွေက မြေပုံပေါ်မှာ နီးနီး ဖြစ်သွားတာပါ။ “king” နေရာမှာ “man” လို့ ပြောင်းပြီး စမ်းကြည့်ရင် woman က 0.96 နဲ့ ထိပ်ဆုံး ရောက်လာတာကိုလည်း တွေ့ရပါလိမ့်မယ်။
နာမည်ကြီးတဲ့ king − man + woman
ဒီနည်းကို စာသား အများကြီးနဲ့ Train ထားတဲ့ Word2Vec လို Model တွေမှာဆိုရင် ပိုတောင် အံ့သြစရာ ကောင်းပါတယ်။ king ရဲ့ Vector ထဲက man ရဲ့ Vector ကို နုတ်ပြီး woman ရဲ့ Vector ကို ပေါင်းလိုက်ရင် အနီးဆုံး ထွက်လာတာက queen ပါတဲ့။ ဘာလို့ ရတာလဲ ဆိုတော့ မြေပုံပေါ်မှာ king ကနေ queen ကို သွားတဲ့ ဦးတည်ရာနဲ့ man ကနေ woman ကို သွားတဲ့ ဦးတည်ရာက တူနေလို့ပါ။ ဆက်ဆံရေးတွေပါ ဂဏန်းထဲမှာ ပါသွားတာပါ။ စကားလုံးတွေကို ဂဏန်းတွေလို ပေါင်းနုတ် လုပ်လို့ ရသွားတာပါ။ ကျွန်တော်တို့ရဲ့ စာကြောင်း 12 ကြောင်းလေးကတော့ အဲဒီအဆင့်ထိ မရောက်သေးပါဘူး။ Data နည်းနည်းလေးပဲ ရှိသေးတာကိုး။ ဒါပေမယ့် အတွေးကတော့ ဒီကပဲ စတာပါ။
မလုပ်ပေးနိုင်တာတွေလည်း ရှိပါတယ်
ဒီနည်းကလည်း ပြည့်စုံတာတော့ မဟုတ်ပါဘူး။ သတိထားရမယ့် အချက်တွေ ရှိပါတယ်။
– စကားလုံးတစ်လုံးကို Vector တစ်ခုတည်းပဲ ပေးထားတာမို့ အဓိပ္ပာယ် နှစ်မျိုး ရှိတဲ့ စကားလုံးတွေကို ခွဲမရပါဘူး။ ဥပမာ bank ဆိုရင် ဘဏ် ကိုလည်း ဆိုလိုနိုင်သလို မြစ်ကမ်း ကိုလည်း ဆိုလိုနိုင်ပါတယ်။ ဒါပေမယ့် မြေပုံပေါ်မှာတော့ နေရာ တစ်ခုတည်းပဲ ရပါတယ်။
– အတူ ပါတိုင်း အဓိပ္ပာယ် တူတယ် လို့ မဆိုလိုပါဘူး။ “ကော်ဖီ ပူတယ်”, “ကော်ဖီ အေးတယ်” လို ဆန့်ကျင်ဘက် စကားလုံးတွေကလည်း နေရာတူတွေမှာ ပေါ်လေ့ ရှိတာမို့ Vector ချင်း နီးသွားတတ်ပါတယ်။
– Data နည်းရင် အဖြေ မယုံနိုင်ပါဘူး။ စာကြောင်း 12 ကြောင်းလေးက အတွေးကို နားလည်ဖို့ ကစားစရာပဲ ဖြစ်ပါတယ်။
အခုခေတ် LLM တွေမှာတော့ ဒီပြဿနာကို နည်းနည်းချင်း ဖြေရှင်းလာကြပါပြီ။ စာကြောင်း တစ်ခုလုံးကို ကြည့်ပြီး အခြေအနေပေါ် မူတည် Vector ပြောင်းပေးတဲ့ နည်းကို သုံးလာကြတာပါ။ bank က ဘဏ် အကြောင်း ပြောနေတဲ့ စာကြောင်းထဲမှာ ပါရင် တစ်မျိုး၊ မြစ် အကြောင်း စာကြောင်းထဲမှာ ပါရင် တစ်မျိုး ဖြစ်သွားပါတယ်။
ဘယ်နေရာတွေမှာ သုံးနေလဲ
အခု ကျွန်တော်တို့ နေ့တိုင်း သုံးနေတဲ့ AI တွေရဲ့ ပထမဆုံး အဆင့်က ဒါပါပဲ။ ChatGPT လို LLM တွေဆီ စာတစ်ကြောင်း ပို့လိုက်ရင် ပထမဆုံး လုပ်တာက စကားလုံးတိုင်းကို Embedding Vector အဖြစ် ပြောင်းတာပါ။ အဲဒီနောက်မှ Model က ဂဏန်းတွေနဲ့ ဆက်ပြီး စဉ်းစားပါတယ်။ ကျွန်တော်တို့ နမူနာမှာတော့ Vector တစ်ခုမှာ ဂဏန်း 16 လုံးပဲ ပါပါတယ်။ စကားလုံး စုစုပေါင်း 16 လုံးပဲ ရှိတာကိုး။ Word2Vec လို Model တွေမှာတော့ ဂဏန်း 300 လောက် ပါပြီး LLM တွေမှာဆိုရင် ထောင်နဲ့ချီ ပါပါတယ်။ ဂဏန်း များလေ အဓိပ္ပာယ်ရဲ့ အရိပ်အယောင် အမျိုးမျိုးကို ပို အသေးစိတ် ဖမ်းနိုင်လေပါပဲ။ စာသား သန်းပေါင်းများစွာနဲ့ Train ထားတာမို့ ကျွန်တော်တို့ နမူနာလေးထက် အများကြီး ပို တိတိကျကျ ဖြစ်သွားပါတယ်။ မြန်မာစာသားတွေနဲ့ Train ရင်လည်း အဲဒီလိုပါပဲ။ “စာအုပ်” နဲ့ “စာပေ” က မြေပုံပေါ်မှာ နီးနီး၊ “ထမင်း” နဲ့ “ဟင်း” က နီးနီး ဖြစ်လာမှာပါ။
ဖတ်ပြီးရင် ကိုယ်တိုင် စမ်းကြည့်စေချင်ပါတယ်။ အပေါ်က Code ကို ကိုယ့်စက်မှာ Run ကြည့်ပါ။ “king” နေရာမှာ “queen” တို့ “woman” တို့ ပြောင်းထည့်ကြည့်ပါ။ ပြီးရင် ကိုယ်ပိုင် စာကြောင်းတွေ ထပ်ထည့်ကြည့်ပါ။ ဥပမာ ဘောလုံး အကြောင်း စာကြောင်းတွေ ထည့်လိုက်ရင် player, goal, match ဆိုတဲ့ စကားလုံးတွေ အစုလိုက် နီးသွားတာကို တွေ့ရပါလိမ့်မယ်။ အဲဒီလို လက်တွေ့ စမ်းကြည့်မှ ဒီနည်းက စိတ်ထဲ စွဲသွားတာပါ။
နောက်တစ်ခါ AI ကို စာရိုက်ပြီး မေးခွန်း မေးတဲ့အခါ သတိရလိုက်ပါ။ သင့် စကားလုံးတွေက အရင်ဆုံး မြေပုံပေါ်က နေရာလေးတွေ အဖြစ် ပြောင်းသွားပြီး အဲဒီကမှ အဖြေ ဖြစ်လာတာပါ။ စကားလုံးကို ဂဏန်းပြောင်းတဲ့ ဒီ အဆင့်လေး မရှိရင် နောက်က ဘယ်လောက် တော်တဲ့ Model ဖြစ်ဖြစ် စ,တောင် စနိုင်မှာ မဟုတ်ပါဘူး။ 🙂
— Min SiThu
Software Engineer & Tech Content Creator
www.minsithu.org