လွယ်လွယ်ပြောရရင် Tokenization ဆိုတာ LLM က စာသားကို ဒီအတိုင်း မဖတ်နိုင်တဲ့အတွက် စာကို Token လို့ခေါ်တဲ့ အပိုင်းလေးတွေအဖြစ် ခွဲပြီး နံပါတ်တွေ ပြောင်းပေးတဲ့ ပထမဆုံး အဆင့်ပါ။

ChatGPT ကို မေးခွန်းတစ်ခု ရိုက်ပို့လိုက်တဲ့အခါ Model က သင့်စာကို တန်းပြီး နားလည်သွားတာ မဟုတ်ပါဘူး။ နောက်ကွယ်မှာ အရင်ဆုံး ဖြစ်သွားတာက သင်ရိုက်လိုက်တဲ့ စာကြောင်းကို အပိုင်းလေးတွေ ဖြတ်ခွဲပစ်တာပါပဲ။ အပိုင်းတစ်ပိုင်းချင်းစီကို Token လို့ ခေါ်ပြီး Token တိုင်းမှာ Model ရဲ့ မှတ်စု စာရင်းထဲက နံပါတ်တစ်ခု (ID) ရှိပါတယ်။ Model က တကယ် ဖတ်တာက စာလုံးတွေ မဟုတ်ဘဲ အဲဒီ နံပါတ်တွေကိုပါ။ ဒီအဆင့်ကို ကျော်လို့ မရပါဘူး။ စာဘယ်လောက် ကောင်းကောင်း Token အဖြစ် မခွဲရသေးရင် Model အတွက် အဓိပ္ပာယ် မရှိသေးပါဘူး။

ကျွန်တော် ဒါကို ရှည်လျားတဲ့ စက္ကူလိပ် တစ်ခုကို ကတ်ကြေးနဲ့ ဖြတ်တာနဲ့ နှိုင်းပြောချင်ပါတယ်။ လိပ်လိုက် ကိုင်ပြီး ဖတ်လို့ မရတော့ အပိုင်းလေးတွေ ဖြတ်ပြီး တစ်ပိုင်းချင်း ဖတ်ရတာပေါ့။ အပိုင်းတွေ အရမ်းကြီးကြီး ဖြတ်ရင် အပိုင်းအရေအတွက် နည်းသွားပေမယ့် ပုံစံမတူတဲ့ အပိုင်းအသစ်တွေ အများကြီး ကြိုမှတ်ထားရလိမ့်မယ်။ အရမ်းသေးသေး ဖြတ်ရင်တော့ အပိုင်းတွေ ရာချီ ထောင်ချီ ဖြစ်သွားပြီး ဖတ်ရတာ အဆမတန် ကြာသွားမယ်။ Tokenization က အဲဒီ နှစ်ခုကြားက အလယ်အလတ် အရွယ်ကို ရှာတဲ့ အလုပ်ပါ။

ဒါဆို ဘာလို့ စကားလုံးတစ်လုံးချင်းစီကို Token တစ်ခုလို့ မသတ်မှတ်တာလဲလို့ မေးစရာ ရှိပါတယ်။ အကြောင်းက စကားလုံး စာရင်းက အဆုံးမရှိ ကြီးလာလို့ပါ။ run, runs, running, runner ဆိုပြီး ပုံစံပြောင်းတိုင်း စာရင်းထဲ တစ်ခုစီ ထပ်ထည့်နေရမယ်။ နာမည်တွေ၊ စကားလုံး အသစ်တွေ နေ့တိုင်း ပေါ်နေတဲ့ ကမ္ဘာမှာ စာရင်း ဘယ်တော့မှ ပြည့်စုံမှာ မဟုတ်ပါဘူး။ အဆိုးဆုံးက မတွေ့ဖူးတဲ့ စကားလုံး တစ်လုံး ရောက်လာတာနဲ့ Model က အဲဒီနေရာမှာ လုံးဝ ရပ်တန့်သွားတာပါပဲ။

ပြောင်းပြန် အနေနဲ့ စာလုံး တစ်လုံးချင်းစီ ခွဲရင်ရော။ အဲဒါလည်း မကောင်းပါဘူး။ “internationalization” ဆိုတဲ့ စကားလုံး တစ်လုံးတည်းက Token 20 ဖြစ်သွားပြီး စာကြောင်း တစ်ကြောင်းက Token ရာချီ ရှည်ထွက်သွားပါလိမ့်မယ်။ Model က အဓိပ္ပာယ်ကို မစဉ်းစားရသေးခင် စာလုံးပေါင်း ပြန်ဆက်နေရတာနဲ့တင် အချိန်နဲ့ အား အများကြီး ကုန်သွားမှာပါ။

ဒါကြောင့် လက်ရှိ LLM တွေ သုံးနေတာက Subword Tokenization ပါ။ အပိုင်းတွေက စကားလုံး အပြည့်လည်း ဖြစ်နိုင်တယ်၊ စကားလုံးရဲ့ အပိုင်းအစလည်း ဖြစ်နိုင်တယ်။ မကြာခဏ တွေ့ရတဲ့ အပိုင်းတွေကို တစ်ခုတည်းအဖြစ် မှတ်ထားပြီး ရှားပါးတာတွေကိုတော့ အပိုင်းသေးသေး ခွဲပစ်လိုက်တာပါ။ “lowest” ဆိုရင် “low” နဲ့ “est” ဆိုပြီး နှစ်ပိုင်း ဖြစ်သွားတာမျိုး။

BPE က အပိုင်းတွေကို ဘယ်လို သင်ယူတာလဲ

အသုံးအများဆုံး နည်းလမ်းက BPE (Byte Pair Encoding) ပါ။ နာမည်က ခန့်ညားပေမယ့် အလုပ်လုပ်ပုံက ရိုးရိုးလေးပါ။ အရေးကြီးတဲ့ အချက်က အပိုင်းတွေကို လူက ကြိုတင် သတ်မှတ်ထားတာ မဟုတ်ဘဲ စာသား အများကြီးထဲကနေ စနစ်က သူ့ဘာသူ သင်ယူသွားတာပါ။ နမူနာ စာသား သေးသေးလေးနဲ့ စမ်းကြည့်ရအောင်။

low low low lower lower lowest newest widest widest

စာကြောင်း တစ်ကြောင်းတည်းပါ။ ဒါပေမယ့် BPE ရဲ့ အလုပ်လုပ်ပုံ အကုန်လုံးကို ဒီထဲမှာ မြင်ရပါလိမ့်မယ်။

BPE သင်ယူတဲ့ အဆင့်တွေက ဒီလိုပါ။

– အရင်ဆုံး စကားလုံးတိုင်းကို စာလုံး တစ်လုံးချင်းစီ ခွဲပစ်ပါ။ စကားလုံး အဆုံးသတ်ကို </w> ဆိုတဲ့ အမှတ်လေးနဲ့ မှတ်ထားပါ။ ဥပမာ “low” ဆိုရင် l, o, w, </w> ဖြစ်သွားပါတယ်။
– ဘေးချင်းကပ် ရှိနေတဲ့ အတွဲ (Pair) တွေကို ရေတွက်ပြီး အကြိမ်ရေ အများဆုံး တွဲတွေ့ရတဲ့ အတွဲကို ရှာပါ။
– အဲဒီ အတွဲကို သင်္ကေတ တစ်ခုတည်း အဖြစ် ပေါင်းပစ်ပါ။ ဒါကို Merge လုပ်တယ်လို့ ခေါ်ပါတယ်။
– ပေါင်းလိုက်တဲ့ အစီအစဉ်ကို စာရင်းထဲ မှတ်ထားပါ။ အစီအစဉ်က နောက်ပိုင်းမှာ အရေးကြီးပါတယ်။
– ပြီးရင် ပြန်ရေတွက်၊ နောက်ထပ် အများဆုံး အတွဲကို ထပ်ပေါင်း။ ဒီအတိုင်း အကြိမ်ရေ ထောင်ချီ၊ သောင်းချီ ထပ်လုပ်ပါ။

ကျွန်တော်တို့ နမူနာ စာသားမှာ ပထမဆုံး Merge က l နဲ့ o ပါ။ “low” “lower” “lowest” သုံးခုလုံးမှာ l နောက်က o ကပ်ပါလာတာ ၆ ကြိမ် ရှိပါတယ်။ ပေါင်းလိုက်တော့ “lo” ဆိုတဲ့ သင်္ကေတ အသစ် ရလာတယ်။ နောက်တစ်ဆင့်မှာ “lo” နဲ့ “w” ပေါင်းပြီး “low” ဖြစ်လာတယ်။ အဲဒီနောက် “est” ဘက်ကို လှည့်ပါတယ်။ “lowest” “newest” “widest” သုံးခုလုံးမှာ e, s, t အစီအစဉ် ပါနေတော့ e နဲ့ s အရင် ပေါင်း၊ ပြီးတော့ “est”၊ နောက်ဆုံး စကားလုံး အဆုံးမှတ် </w> နဲ့ပါ ပေါင်းပြီး “est</w>” ဆိုတဲ့ Token တစ်ခု ဖြစ်သွားပါတယ်။ Merge ၅ ခုတည်းနဲ့ ကျွန်တော်တို့ရဲ့ Tokenizer လေးက “low” နဲ့ “est” လို အဓိပ္ပာယ် ရှိတဲ့ အပိုင်းတွေကို သူ့ဘာသူ ရှာတွေ့သွားတာပါ။ ဘယ်သူကမှ သင်ပေးလိုက်တာ မဟုတ်ပါဘူး။ ထပ်ခါထပ်ခါ တွေ့ရတဲ့ ပုံစံတွေကို သူ့ဘာသူ မှတ်သားသွားတာပါ။

သင်ယူပြီးသွားရင် စာအသစ်ကို ခွဲတာက လွယ်ပါတယ်။ စာလုံး တစ်လုံးချင်း ပြန်ခွဲပြီး မှတ်ထားတဲ့ Merge တွေကို သင်ယူခဲ့တဲ့ အစီအစဉ် အတိုင်း ပြန်သုံးရုံပါပဲ။ “lowest” ကို ခွဲကြည့်ရင် [‘low’, ‘est</w>’] ဆိုပြီး Token ၂ ခုတည်း ရပါတယ်။ ပို စိတ်ဝင်စားဖို့ ကောင်းတာက Training မှာ လုံးဝ မပါခဲ့တဲ့ “slow” ဆိုတဲ့ စကားလုံးပါ။ သူ့ကိုလည်း [‘s’, ‘low’, ‘</w>’] ဆိုပြီး အဆင်ပြေပြေ ခွဲပေးနိုင်ပါတယ်။ မသိတဲ့ စကားလုံး ရောက်လာရင် ရပ်တန့်မသွားဘဲ သိတဲ့ အပိုင်းတွေနဲ့ ပြန်ဖွဲ့စည်းပေးနိုင်တာ Subword ရဲ့ အားသာချက်ပါ။

တကယ့် Model တွေမှာတော့ အစမှတ်က စာလုံးတွေ မဟုတ်ဘဲ Byte တွေပါ။ ကွန်ပျူတာ ထဲမှာ စာလုံးတိုင်းက Byte တွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပြီး Byte တန်ဖိုး 256 မျိုးပဲ ရှိတာမို့ ဘယ်ဘာသာစကားရဲ့ ဘယ်စာလုံးပဲ ရောက်လာလာ အနည်းဆုံး Byte အဆင့်နဲ့ ခွဲလို့ ရပါတယ်။ “မသိတဲ့ စာလုံး” ဆိုတာ လုံးဝ မရှိတော့ပါဘူး။ စာရင်း အရွယ်လည်း ကြီးလာပါတယ်။ GPT-2 မှာ Token စာရင်း 50,000 ကျော် ရှိပြီး နောက်ပိုင်း Model တွေမှာ 100,000 ကျော်အထိ ရှိလာပါတယ်။ အခြေခံ သဘောကတော့ ကျွန်တော်တို့ နမူနာထဲက အတိုင်းပါပဲ။

Code နဲ့ စမ်းကြည့်ရအောင်

အပေါ်က အဆင့်တွေကို Python နဲ့ တကယ် ရေးပြထားပါတယ်။ Library အထူး ဘာမှ မလိုပါဘူး။ ဒီအတိုင်း ကူးပြီး Run ကြည့်လို့ ရပါတယ်။

from collections import Counter

# Training text — ဒီစာသားကနေ Merge တွေ သင်ယူမယ်
text = "low low low lower lower lowest newest widest widest"

# စကားလုံးတွေကို စာလုံးခွဲပြီး အကြိမ်ရေ ရေတွက်ထားတယ်
vocab = {}
for word in text.split():
    symbols = tuple(list(word) + ["</w>"])
    vocab[symbols] = vocab.get(symbols, 0) + 1

def count_pairs(vocab):
    pairs = Counter()
    for symbols, freq in vocab.items():
        for a, b in zip(symbols, symbols[1:]):
            pairs[(a, b)] += freq
    return pairs

def merge_pair(vocab, pair):
    new_vocab = {}
    joined = pair[0] + pair[1]
    for symbols, freq in vocab.items():
        merged = []
        i = 0
        while i < len(symbols):
            if i < len(symbols) - 1 and (symbols[i], symbols[i + 1]) == pair:
                merged.append(joined)
                i += 2
            else:
                merged.append(symbols[i])
                i += 1
        new_vocab[tuple(merged)] = freq
    return new_vocab

# အများဆုံး အတွဲကို ရှာ၊ ပေါင်း၊ မှတ်ထား — ၅ ကြိမ် ထပ်လုပ်တယ်
merges = []
for step in range(5):
    pairs = count_pairs(vocab)
    best = pairs.most_common(1)[0][0]
    merges.append(best)
    vocab = merge_pair(vocab, best)
    print("Merge", step + 1, ":", best)

def tokenize(word, merges):
    symbols = list(word) + ["</w>"]
    for a, b in merges:
        merged = []
        i = 0
        while i < len(symbols):
            if i < len(symbols) - 1 and symbols[i] == a and symbols[i + 1] == b:
                merged.append(a + b)
                i += 2
            else:
                merged.append(symbols[i])
                i += 1
        symbols = merged
    return symbols

print(tokenize("lowest", merges))  # ['low', 'est</w>']
print(tokenize("slow", merges))    # ['s', 'low', '</w>'] — Training မှာ မပါတဲ့ စကားလုံး

Code ကို အပိုင်းလိုက် ပြန်ရှင်းပြရရင် ပထမ အပိုင်းက Training စာသားထဲက စကားလုံးတွေကို စာလုံးခွဲပြီး အကြိမ်ရေ ရေတွက်ထားတာပါ။ count_pairs က ဘေးချင်းကပ် အတွဲတိုင်းကို လိုက်ရေတွက်ပေးပြီး merge_pair က ရွေးလိုက်တဲ့ အတွဲကို နေရာတိုင်းမှာ ပေါင်းပေးပါတယ်။ အလယ်က for loop ကတော့ BPE ရဲ့ နှလုံးသားပါပဲ။ အများဆုံး အတွဲကို ရှာ၊ ပေါင်း၊ မှတ်ထား။ ဒါကို ၅ ကြိမ် ထပ်လုပ်ထားတာပါ။ တကယ့် GPT လို Model တွေမှာတော့ ဒီ loop က အကြိမ် သောင်းချီ လည်ပြီး Merge စည်းမျဉ်း စာရင်း အရှည်ကြီး ထွက်လာပါတယ်။ နောက်ဆုံး tokenize function က သင်ယူထားတဲ့ Merge တွေကို အစီအစဉ် အတိုင်း ပြန်သုံးပြီး စကားလုံး အသစ်ကို ခွဲပေးတာပါ။ Run လိုက်ရင် Merge ၅ ခု တစ်ဆင့်ချင်း ပေါ်လာပြီး “lowest” က Token ၂ ခုတည်း ဖြစ်သွားတာကို ကိုယ်တိုင် မြင်ရပါလိမ့်မယ်။

Token က သင့်အိတ်ကပ်နဲ့ ဘာဆိုင်လဲ

ဒါက စာအုပ်ထဲက သီအိုရီ သက်သက် မဟုတ်ပါဘူး။ AI API တွေ သုံးရင် ပိုက်ဆံကို Token နဲ့ တွက်ပြီး ကောက်ပါတယ်။ စာ အဝင် (Input) Token ဘယ်လောက်၊ အထွက် (Output) Token ဘယ်လောက် ဆိုပြီး စျေးနှုန်း သတ်မှတ်ထားတာပါ။ နောက်တစ်ခုက Context Window ပါ။ Model တစ်ခု တစ်ခါတည်း မှတ်ထားနိုင်တဲ့ ပမာဏကို စာလုံးရေနဲ့ မဟုတ်ဘဲ Token ရေနဲ့ တိုင်းပါတယ်။ “128K Context” ဆိုတာ Token 128,000 အထိ ဖတ်နိုင်တယ်လို့ ဆိုလိုတာပါ။ ဒါကြောင့် စာ ရှည်ရှည် ပို့လေ Token များလေ၊ ပိုက်ဆံ ပိုကုန်လေနဲ့ မှတ်ဉာဏ် ပိုပြည့်လေ ဖြစ်နေတာပါ။

အင်္ဂလိပ်စာမှာတော့ ပျမ်းမျှ စာလုံး ၄ လုံးလောက်ကို Token ၁ ခုလို့ ခန့်မှန်းလို့ ရပါတယ်။ ဒါပေမယ့် မြန်မာစာမှာတော့ သတိထားရပါလိမ့်မယ်။ Tokenizer တွေရဲ့ Merge စည်းမျဉ်းတွေက အင်္ဂလိပ် အဓိက စာသားတွေကနေ သင်ယူထားတာ များတော့ မြန်မာ စာကြောင်း တစ်ကြောင်းက အင်္ဂလိပ် စာကြောင်း တစ်ကြောင်းထက် Token ပိုများများ ခွဲထွက်တတ်ပါတယ်။ အဓိပ္ပာယ် တူရင်တောင် မြန်မာနဲ့ မေးရင် ကုန်ကျစရိတ် ပိုများနိုင်တာက ဒီအချက်ကြောင့်ပါ။ ကျွန်တော် မြန်မာ NLP လုပ်နေရင်း ကိုယ်တိုင် သတိထားမိတဲ့ အချက်လေးပါ။

နောက်တစ်ခါ ChatGPT ကို စာရှည်ကြီး ကူးထည့်လို့ ကန့်သတ်ချက် ကျော်သွားတဲ့ သတိပေးစာ ပေါ်လာရင် သတိရလိုက်ပါ။ နောက်ကွယ်မှာ သင့်စာကို အပိုင်းလေးတွေ ဖြတ်ခွဲပြီး နံပါတ်တွေ ပြောင်းပေးနေတဲ့ Tokenizer လေး အလုပ်လုပ်နေတာပါ။ အပိုင်းတွေ ဖြတ်ပုံ မှန်မှ Model က ဖတ်လို့ ရတာကိုး။

ကိုယ့်ဘာသာကိုယ် စမ်းကြည့်ချင်ရင် အပေါ်က Code ကို Run ပြီး Training စာသားထဲမှာ ကိုယ်ကြိုက်တဲ့ စကားလုံးတွေ ထပ်ထည့်ကြည့်ပါ။ ဘယ်လို Merge တွေ အသစ် ထွက်လာလဲ ကြည့်ရတာ ပျော်ဖို့ ကောင်းပါတယ်။ 🙂

— Min SiThu
Software Engineer & Tech Content Creator
www.minsithu.org

Avatar photo
Min SiThu
@itsmeminsithu

Software Engineer & Tech Content Creator

View all posts