လွယ်လွယ်ပြောရရင် Data Breach ဆိုတာ ကုမ္ပဏီတစ်ခုရဲ့ Server ထဲက အသုံးပြုသူတွေရဲ့ အချက်အလက်တွေ ခိုးယူခံလိုက်ရတာပါ။ ကိုယ့် အကောင့်ကို တိုက်ရိုက် Hack ခံရတာ မဟုတ်ဘဲ ကိုယ် အကောင့်ဖွင့်ထားတဲ့ Website ကိုယ်တိုင် ဖောက်ခံလိုက်ရတာပါ။ ကိုယ့် Password က ခိုင်ခံ့နေပါစေ၊ ကိုယ့် ဖုန်းက လုံခြုံနေပါစေ၊ ကုမ္ပဏီဘက်က ပေါက်သွားရင် ကိုယ့်ဒေတာလည်း ပါသွားနိုင်ပါတယ်။
ကျွန်တော် ဒါကို နားလည်သွားတာက ဒိုင်ယာရီ ဥပမာနဲ့ပါ။ ကိုယ်က ဒိုင်ယာရီစာအုပ်ကို ကိုယ့်အိမ်မှာ သေသေချာချာ သိမ်းထားတယ်။ ဒါပေမယ့် တစ်နေ့ စာအုပ်ကို photocopy ဆိုင်မှာ မိတ္တူဆွဲခိုင်းလိုက်တယ်။ ဆိုင်က ဝန်ထမ်းက မိတ္တူတစ်စောင် ခိုးသိမ်းထားလိုက်ရင် ကိုယ့်ဒိုင်ယာရီက ကိုယ့်အိမ်မှာ ရှိနေလည်း အကြောင်းအရာ ပေါက်သွားပြီပေါ့။ Data Breach လည်း ဒီလိုပါပဲ။ ကိုယ့် Password ကို ကိုယ် ဂရုစိုက်နေလည်း ကိုယ် ပေးထားတဲ့ ကုမ္ပဏီဘက်က ဒေတာ ပေါက်သွားရင် ပြန်မရတော့ပါဘူး။
ပေါက်သွားတဲ့ ဒေတာတွေက အများအားဖြင့် Email၊ ဖုန်းနံပါတ်၊ Password ရဲ့ Hash၊ နာမည်၊ မွေးနေ့တို့ပါ။ တစ်ခါတလေ ငွေပေးချေမှု အချက်အလက်တွေ၊ လိပ်စာတွေပါ ပါသွားတတ်ပါတယ်။ ဒေတာတွေက တစ်ခါတည်း အသုံးချမရရင်တောင် Hacker တွေက စုထားပြီး နောက်ပိုင်း Phishing Email ပို့တာ၊ တခြား Site တွေမှာ Password လိုက်စမ်းတာ (အရင်က Credential Stuffing အကြောင်း ရေးခဲ့ဖူးပါတယ်) တွေမှာ သုံးကြပါတယ်။
ကိုယ့်ဒေတာ Leak ဖြစ်လား ဘယ်လိုစစ်မလဲ?
haveibeenpwned.com ကို သွားပြီး ကိုယ့် Email ရိုက်ထည့်ကြည့်ပါ။ ဘယ် Breach မှာ ပါခဲ့လဲ၊ ဘာဒေတာတွေ ပေါက်ခဲ့လဲ ပြပေးပါတယ်။ အခမဲ့ စစ်လို့ရပါတယ်။
ကိုယ် အကောင့်ဖွင့်ထားတဲ့ ကုမ္ပဏီက “ဒေတာ ပေါက်သွားတယ်” ဆိုပြီး Email ပို့လာရင် အဲဒါကို ပေါ့ပေါ့တန်တန် မထားပါနဲ့။ တကယ့် သတိပေးစာလည်း ဖြစ်နိုင်သလို အတုလည်း ဖြစ်နိုင်လို့ Link ကို တိုက်ရိုက်မနှိပ်ဘဲ ကုမ္ပဏီရဲ့ တရားဝင် Website ကနေပဲ သွားစစ်ပါ။
ကိုယ်နဲ့ မသက်ဆိုင်တဲ့ Password Reset Email တွေ၊ Login သတိပေးချက်တွေ ခဏခဏ ရောက်လာရင် အဲဒါက ကိုယ့်ဒေတာ တစ်နေရာမှာ ပျံ့နေပြီဆိုတဲ့ လက္ခဏာ ဖြစ်နိုင်ပါတယ်။
Leak ဖြစ်ပြီဆိုရင် ဘာလုပ်ရမလဲ?
အဲဒီ Site ရဲ့ Password ကို ချက်ချင်း ပြောင်းပါ။ ပြီးတော့ တခြား Site တွေမှာပါ တူညီတဲ့ Password သုံးထားရင် အဲဒါတွေပါ ပြောင်းပါ။ Password တစ်ခုကို တစ်နေရာတည်းမှာပဲ သုံးရမယ်ဆိုတဲ့ စည်းမျဉ်းက ဒီအချိန်မှာ အသက်ဝင်တာပါ။
2FA ဖွင့်ပါ။ Password ပေါက်သွားရင်တောင် OTP မရှိဘဲ ဝင်လို့ မရပါဘူး။ 2FA အကြောင်း အရင်က အသေးစိတ် ရေးခဲ့ဖူးပါတယ်။
Password Manager သုံးပါ။ Site တိုင်းအတွက် မတူတဲ့ Password တွေ မှတ်ထားဖို့ လူတိုင်း မလုပ်နိုင်ပါဘူး။ Password Manager က အဲဒီအလုပ်ကို လုပ်ပေးပါတယ်။
Bank အကောင့်၊ KPay၊ WavePay လို ငွေကြေး App တွေနဲ့ ချိတ်ထားတဲ့ Email ဆိုရင် အဲဒီ App တွေရဲ့ Password နဲ့ PIN ကိုပါ စစ်ပါ။ ငွေနဲ့ ပတ်သက်တဲ့ အကောင့်တွေကို ဦးစားပေး ကာကွယ်ပါ။
ပေါက်သွားတဲ့ Email ဆီကို ရောက်လာတဲ့ သံသယဖြစ်စရာ Link တွေ၊ ဖိုင်တွေကို မဖွင့်ပါနဲ့။ Breach ပြီးနောက် Phishing တွေ အများကြီး လိုက်လာတတ်ပါတယ်။
Breach မဖြစ်ခင် ကြိုကာကွယ်ထားဖို့
Breach ကို ကိုယ်က တားလို့ မရပါဘူး။ ကုမ္ပဏီဘက်က လုံခြုံရေးက ကိုယ့်လက်ထဲမှာ မရှိလို့ပါ။ ဒါပေမယ့် ပေါက်သွားရင် ထိခိုက်မှု နည်းအောင် ကြိုလုပ်ထားလို့ ရပါတယ်။ Password တွေ မတူအောင် သုံးတာ၊ 2FA ဖွင့်ထားတာ၊ အရေးမကြီးတဲ့ Site တွေမှာ အချက်အလက်အစစ် အများကြီး မပေးတာတွေက အထိရောက်ဆုံး ကာကွယ်မှုတွေပါ။
Data Breach ဆိုတာ ကိုယ့်အမှားကြောင့် ဖြစ်တာ မဟုတ်တတ်ပါဘူး။ ဒါကြောင့် ရှက်စရာလည်း မဟုတ်ပါဘူး။ အရေးကြီးတာက ပေါက်သွားမှန်း သိတာနဲ့ မြန်မြန် လှုပ်ရှားတာပါ။ Password ပြောင်း၊ 2FA ဖွင့်၊ တခြား အကောင့်တွေ စစ်ပြီး ကိုယ့်ဒေတာကို ပြန်ထိန်းချုပ်နိုင်အောင် လုပ်လိုက်ရင် Hacker တွေ လက်ထဲမှာ ရှိတဲ့ ဒေတာဟောင်းက သိပ်အသုံးမဝင်တော့ပါဘူး။ 🙂