လွယ်လွယ်ပြောရရင် Incognito Mode ဆိုတာ Browser က မှတ်တမ်းမထားတဲ့ စာရွက်ပေါ်မှာ စာရေးသလိုပါ။ သာမန် Browser နဲ့ ဖွင့်ရင် History၊ Cookie၊ Login အချက်အလက်တွေ သိမ်းထားတယ်။ Incognito နဲ့ ဖွင့်ရင် Tab ပိတ်လိုက်တာနဲ့ ဒါတွေအကုန် ပျောက်သွားတယ်။

ဘယ်အချိန်သုံးလဲဆိုရင် သူများကွန်ပျူတာနဲ့ Facebook ဝင်တာ၊ လက်ဆောင်ရှာတာ (Ad တွေ လိုက်မလာအောင်)၊ Website တစ်ခုကို Login မဝင်ဘဲ စမ်းကြည့်ချင်တာ — ဒါမျိုးတွေမှာ အဆင်ပြေတယ်။

ဒါပေမယ့် အမှားအကြီး တစ်ခုရှိတယ်။ လူတော်တော်များများက Incognito သုံးရင် “လုံးဝလုံခြုံပြီ၊ ဘယ်သူမှ မသိဘူး” လို့ ထင်ကြတယ်။ တကယ်က မဟုတ်ဘူး —

– Internet လိုင်းပေးတဲ့ ISP က ဘာဖွင့်လဲ မြင်နေရတုန်းပဲ
– အလုပ်က Network Admin / ကျောင်း Wi-Fi Admin တွေ မြင်နိုင်တယ်
– ဝင်တဲ့ Website ကိုယ်တိုင်က IP Address မှတ်ထားတယ်

Incognito က ကာကွယ်ပေးတာက တစ်ခုတည်းပါ — ကိုယ့်စက်ပေါ်က မှတ်တမ်း။ ကိုယ့်နောက် သုံးမယ့်လူ History တွေ့မှာ စိုးလို့ ဆိုရင်တော့ အလုပ်ဖြစ်တယ်။ ဒါပေမယ့် အင်တာနက်ပေါ်က ခြေရာကို ဖျောက်ချင်ရင်တော့ VPN လိုမျိုး တခြားနည်းလမ်း လိုတယ်။

အတိုချုပ်ပြောရရင် Incognito က “ဒီစက်မှာ ခြေရာမကျန်စေချင်လို့” သုံးတာပါ။ “အင်တာနက်မှာ ဘယ်သူမှ မသိစေချင်လို့” သုံးတာတော့ မဟုတ်ဘူး။ ဒီကွာခြားချက်ကို သိထားရင် လုံလုံခြုံခြုံ သုံးတတ်ပြီ။ 🙂

– Min SiThu (www.minsithu.org)