လွယ်လွယ်ပြောရရင် QR Code ဆိုတာ စာကို အကွက်လေးတွေနဲ့ ရေးထားတာပါ။ သာမန် Barcode က အတန်းလိုက် အနက်အဖြူ ကြောင်းတွေနဲ့ ဂဏန်းနည်းနည်း သိမ်းထားနိုင်တယ်။ QR Code က အကွက်လိုက် (နှစ်ဘက်) သိမ်းထားနိုင်လို့ စာသောင်းချီ၊ Link အရှည်ကြီးတွေ ထည့်လို့ရတယ်။
ဖုန်းနဲ့ Scan ဖတ်လိုက်တာနဲ့ ဘာဖြစ်လဲဆိုရင် Camera က အကွက်တွေကို ဖတ်ပြီး ထဲက စာကို ဖော်တယ်။ အဲဒီစာက Website Link ဖြစ်နေရင် Browser ဖွင့်ပေးတယ်။ Wi-Fi Password ဖြစ်နေရင် Wi-Fi ချိတ်ပေးတယ်။ ငွေပေးချေမှု အချက်အလက်ဆို Payment App ဖွင့်ပေးတယ်။
အကွက် ၃ ထောင့်က ကြီးကြီးတွေ့လား? အဲဒါက Position Marker တွေပါ။ ဖုန်းက “ဒါ QR Code ဘဲ၊ ဒီဘက်က အပေါ်” လို့ သိအောင် ထားတာ။ စောင်းဖတ်လည်း ရတယ်၊ မှောက်ဖတ်လည်း ရတယ်။
တစ်ခုသတိထားရမှာက QR Code ကို မျက်စိနဲ့ ဖတ်မရဘူး။ Scan ဖတ်မှ ဘယ်သွားမလဲ သိရတယ်။ ဒါကြောင့် လူလိမ်တွေက တရားဝင် QR Code ပေါ် အတု ကပ်ပြီး ငွေလိမ်တဲ့ အမှုတွေ ရှိတယ်။ မသိတဲ့ QR ကို Scan မဖတ်ခင် နှစ်ခါစဉ်းစားပါ။ ဖတ်ပြီးရင် ပေါ်လာတဲ့ Link ကို သေချာကြည့် — Bank လို အရေးကြီးတဲ့ ကိစ္စဆို ကိုယ်တိုင် App ဖွင့်ပြီး လုပ်တာ ပိုလုံခြုံတယ်။
နည်းပညာက ရိုးရှင်းပေမယ့် အသုံးဝင်တယ်။ စာတစ်ပုဒ်ကို အကွက်လေးတွေ ဖြစ်အောင် ပြောင်းလိုက်ရုံပဲ — ပြီးတော့ ကမ္ဘာတစ်ဝှမ်း ငွေပေးချေမှုကနေ Menu ကြည့်တဲ့အထိ သုံးနေကြပြီ။ 🙂
– Min SiThu (www.minsithu.org)