လွယ်လွယ်ပြောရရင် Rolling Deployment ဆိုတာ Website ဒါမှမဟုတ် App ကို Update တင်တဲ့အခါ Server အားလုံးကို တစ်ပြိုင်နက် မလဲဘဲ တစ်သုတ်ချင်း လဲသွားတဲ့ နည်းပါ။ Server ၁၀ လုံး ရှိရင် အရင် ၂ လုံးကို အသစ်လဲတယ်၊ အဆင်ပြေရင် နောက် ၂ လုံး၊ အဲဒီလို တစ်သုတ်ချင်း လဲသွားတာ။ Site က တစ်ချိန်လုံး အလုပ်လုပ်နေတယ် — Update တင်နေရင်းနဲ့တောင် အသုံးပြုသူတွေ သုံးလို့ရနေတယ်။

ကျွန်တော် ဒါကို ဘုရားပွဲက မုန့်ဆိုင်နဲ့ ဥပမာပေးချင်တယ်။ မုန့်ဆိုင်မှာ မီးဖို ၁၀ လုံး ရှိတယ်။ မီးဖိုအသစ် လဲချင်ရင် ဆိုင်ကို တစ်ရက်လုံး ပိတ်ပြီး ၁၀ လုံးလုံး တစ်ပြိုင်နက် လဲမလား။ ဒါမှမဟုတ် မီးဖို ၂ လုံးကို အရင် လဲမလား — ကျန် ၈ လုံးက မုန့်ဖုတ်နေရင်းနဲ့ပေါ့။ အသစ်က အဆင်ပြေရင် နောက် ၂ လုံး ထပ်လဲတယ်။ ဆိုင်က တစ်ချိန်လုံး ဖွင့်ထားတယ်၊ ဧည့်သည်လည်း မုန့်ရနေတယ်။ Rolling Deployment က ဒုတိယနည်းပါပဲ။

ဘယ်လို အလုပ်လုပ်တာလဲ?

Server ၁၀ လုံး ရှိတဲ့ Website ကို ဗားရှင်း 1.0 ကနေ 2.0 ကို တင်မယ်ဆိုပါစို့။

အသုတ် ၁ — Server ၂ လုံးကို ပိတ်ပြီး ဗားရှင်း 2.0 တင်တယ်။ ကျန် ၈ လုံးက ဗားရှင်း 1.0 နဲ့ ဆက်အလုပ်လုပ်နေတယ်။
စစ်တယ် — အသစ်တင်ထားတဲ့ ၂ လုံးကို Health Check လုပ်တယ်။ အလုပ်လုပ်ရင် ဆက်တယ်၊ မလုပ်ရင် ဒီမှာတင် ရပ်တယ်။
အသုတ် ၂၊ ၃၊ ၄၊ ၅ — အဆင်ပြေရင် နောက် ၂ လုံးစီ ထပ်လဲတယ်။ နောက်ဆုံးမှာ ၁၀ လုံးလုံး ဗားရှင်း 2.0 ဖြစ်သွားတယ်။
အချိန်ခဏတော့ နှစ်မျိုးလုံး ရှိတယ် — Update တင်နေတဲ့ အချိန်မှာ အသုံးပြုသူ တချို့က ဗားရှင်း အဟောင်းကို သုံးနေရတယ်၊ တချို့က အသစ်ကို သုံးနေရတယ်။ ဒါက Rolling Deployment ရဲ့ သဘာဝပါပဲ။

Blue-Green နဲ့ Canary နဲ့ ဘာကွာလဲ?

Deployment နည်းတွေ အကြောင်း အရင် ပြောခဲ့ဖူးတယ်။ ၃ ခုလုံး ရည်ရွယ်ချက် တူတယ် — Site မကျဘဲ Update တင်ချင်တာ။ ဒါပေမယ့် နည်းက ကွာတယ်။

Blue-Green — Server အသစ် တစ်စုံလုံး အရင် ဆောက်တယ်၊ ပြီးမှ Traffic အားလုံးကို တစ်ချက်တည်း လွှဲတယ်။ မြန်တယ်၊ ဒါပေမယ့် Server နှစ်စုံ စာ ကုန်ကျစရိတ် ရှိတယ်။
Canary — Update ကို အသုံးပြုသူ ၁% လောက်ဆီ အရင် ထုတ်တယ်။ အဆင်ပြေမှ ၁၀%၊ ၅၀%၊ ၁၀၀% လို့ တိုးတယ်။ အသုံးပြုသူ အနည်းငယ်နဲ့ စမ်းတာ။
Rolling — Server တွေကို တစ်သုတ်ချင်း လဲတယ်။ အပို Server မလိုဘူး။ အသုံးပြုသူ ရာခိုင်နှုန်းနဲ့ မခွဲဘဲ Server အရေအတွက်နဲ့ ခွဲတာ။ Kubernetes ရဲ့ ပုံသေ (default) နည်းက ဒါပါပဲ။

သုံးခုလုံး ကောင်းတယ်။ ကိုယ့် System နဲ့ ကိုက်တာကို ရွေးရတယ်။

Kubernetes မှာ Rolling Update

Kubernetes အကြောင်း ပြောခဲ့ဖူးတယ်။ Kubernetes မှာ Rolling Update က အလိုလို ပါပြီးသား။


strategy:
  type: RollingUpdate
  rollingUpdate:
    maxSurge: 1
    maxUnavailable: 1

maxSurge: 1 — အသစ် ၁ လုံး ပိုဆောက်လို့ရတယ်။ Server ၁၀ လုံး ရှိရင် ခဏတာ ၁၁ လုံး ဖြစ်သွားတယ်။
maxUnavailable: 1 — တစ်ချိန်တည်း ၁ လုံးထက် ပိုပြီး မရပ်ဘူး။ အနည်းဆုံး ၉ လုံးက အမြဲ အလုပ်လုပ်နေတယ်။

kubectl rollout status လို့ ရိုက်ရင် Update ဘယ်လောက် ပြီးပြီလဲ ကြည့်လို့ရတယ်။ တစ်ခုခု မှားရင် kubectl rollout undo လို့ ရိုက်လိုက်ရုံနဲ့ အဟောင်းဆီ ပြန်လှည့်လို့ရတယ်။ ဒါက Rollback အကြောင်း Blue-Green မှာ ပြောခဲ့ဖူးတဲ့ အလုပ်ပါပဲ။

သတိထားရမယ့် အချက်တွေ

Database ကို အရင် စဉ်းစားပါ — Code အသစ်က Database ပုံစံ အသစ်ကို လိုတယ်ဆိုရင် ဗားရှင်း အဟောင်းနဲ့ အသစ် နှစ်ခုလုံး အလုပ်လုပ်နိုင်အောင် Database ကို အရင် ပြင်ရတယ်။ ဒါကို Expand-Contract လို့ ခေါ်တယ်။ အဟောင်းကော အသစ်ကော သုံးလို့ရတဲ့ ပုံစံကို အရင် ချပေးတယ်၊ ပြီးမှ အဟောင်းကို ဖြုတ်တယ်။
Session ပြဿနာ — အသုံးပြုသူက Server အဟောင်းမှာ Login ဝင်ထားရင် အသစ် Server ဆီ ရောက်သွားတဲ့အခါ Login ပြန်ဝင်ရနိုင်တယ်။ Session ကို Database ဒါမှမဟုတ် Redis လို နေရာမှာ သိမ်းထားရင် ဒီပြဿနာ မရှိဘူး။
Health Check က အရေးကြီးတယ် — Server အသစ် အလုပ်လုပ်မလုပ်ကို Health Check အကြောင်း ပြောခဲ့ဖူးတဲ့ နည်းနဲ့ စစ်ရတယ်။ စစ်မထားရင် ပျက်နေတဲ့ Server ကို Traffic ပို့မိပြီး အသုံးပြုသူက Error မြင်သွားမယ်။
ဗားရှင်း နှစ်မျိုး ရှိတဲ့ အချိန် — Update တင်နေတဲ့ အချိန်မှာ အဟောင်းနဲ့ အသစ် နှစ်မျိုးလုံး ရှိနေတယ်။ ဒါကြောင့် API ကို ပြောင်းမယ်ဆိုရင် အဟောင်းနဲ့ အသစ် နှစ်ခုလုံး အလုပ်လုပ်နိုင်အောင် ရေးရတယ်။

Rolling Deployment က အပို Server မလိုဘဲ Site မကျအောင် Update တင်လို့ရတဲ့ အရိုးရှင်းဆုံး နည်းတွေထဲက တစ်ခုပါ။ Kubernetes သုံးနေရင် ဒါကို အလိုလို ရနေပြီ — kubectl set image လို့ ရိုက်လိုက်ရုံနဲ့ စတင်နိုင်တယ်။ 🙂

—

Avatar photo
Min SiThu
@itsmeminsithu

Software Engineer & Tech Content Creator

View all posts