လွယ်လွယ်ပြောရရင် Cloud Migration ဆိုတာ ကိုယ့်ရဲ့ Website, App, Data တွေကို ကိုယ့်ရဲ့ ကိုယ်ပိုင် Server (ဒါမှမဟုတ် ရုံးထဲက ကွန်ပျူတာ) ကနေ Cloud ပေါ်ကို ရွှေ့ပြောင်းတဲ့ လုပ်ငန်းပါ။ အရင်က ကိုယ့်ဆိုက်ကို ကိုယ့်အိမ်ထဲက Server မှာ ထားခဲ့ရင်၊ အခုက AWS, Google Cloud, Azure လို Cloud ပေါ်မှာ ထားလိုက်တာပါ။ ဆိုက်က အတူတူပဲ၊ နေရာပဲ ပြောင်းသွားတာပါ။

ကျွန်တော် ဒါကို အိမ်ပြောင်းတဲ့ ဥပမာနဲ့ ပြောချင်တယ်။ အိမ်ဟောင်းက ကျဉ်းလာတယ်၊ ရေပိုက်တွေ ယိုတယ်၊ မီးပျက်တိုင်း ကိုယ်တိုင် ပြင်ရတယ်။ အိမ်သစ်က ပိုကျယ်တယ်၊ ပြုပြင်ထိန်းသိမ်းမှုကို သူတို့ဘက်က လုပ်ပေးတယ်၊ လူများလာရင် အခန်းထပ်ငှားလို့ ရတယ်။ ဒါပေမယ့် အိမ်ပြောင်းဖို့ ပစ္စည်းတွေ ထုပ်ရတယ်၊ ကားပေါ်တင်ရတယ်၊ အိမ်သစ်မှာ ပြန်ချရတယ်၊ လိပ်စာအသစ်ကို သူငယ်ချင်းတွေကို ပြောရတယ်။ Cloud Migration လည်း အတူတူပါပဲ။ ရွှေ့ပြီးရင် သက်သာပေမယ့် ရွှေ့တဲ့အချိန်မှာ သေချာစီစဉ်ရပါတယ်။

ဘာလို့ Cloud ကို ရွှေ့ကြတာလဲ?

လူများလာရင် အလိုလို ချဲ့လို့ရတယ် — ကိုယ့်ဆိုက်ကို လူတစ်သောင်းလာကြည့်ရင် ကိုယ့် Server က မနိုင်တော့ဘူး။ Cloud မှာတော့ Server အရေအတွက်ကို ခလုတ်တစ်ချက်နှိပ်ရုံနဲ့ တိုးလို့ရတယ်။ Auto Scaling ဆိုတဲ့ အကြောင်းကို အရင်က ပြောပြီးသားပါ။
ကိုယ်တိုင် Hardware မထိန်းရတော့ဘူး — Server ပျက်ရင်, Hard Disk လဲရရင် ကိုယ်တိုင် လုပ်စရာမလိုတော့ဘူး။ Cloud ကုမ္ပဏီက လုပ်ပေးတယ်။
နေရာအနှံ့ကနေ မြန်မြန်ရောက်တယ် — Cloud Region တွေက ကမ္ဘာအနှံ့မှာ ရှိတော့ ကိုယ့်ဆိုက်ကို မြန်မာပြည်ကရော, စင်ကာပူကရော မြန်မြန်ဖွင့်လို့ ရတယ်။
စစချင်း ကုန်ကျစရိတ် နည်းတယ် — Server တစ်လုံး ဝယ်ဖို့ သိန်းချီမကုန်ဘဲ၊ Cloud မှာ သုံးသလောက်ပဲ ပေးရတယ်။

ရွှေ့တဲ့နည်း ၃ မျိုး

Lift-and-Shift (Rehost) — အသင့်ရှိပြီးသား ဆိုက်ကို ဘာမှမပြင်ဘဲ Cloud ပေါ် အတိုင်း ရွှေ့လိုက်တာ။ အိမ်ပြောင်းတဲ့အခါ ပစ္စည်းတွေကို အတိုင်းထုပ်ပြီး အိမ်သစ်မှာ ပြန်ချသလိုပါ။ အမြန်ဆုံးနည်းပါ။ ဒါပေမယ့် Cloud ရဲ့ အားသာချက်တွေကို အပြည့်အဝ မရဘူး။
Replatform — နည်းနည်း ပြင်ပြီး ရွှေ့တာ။ ဥပမာ ကိုယ့်ရဲ့ Database ကို Cloud ရဲ့ Managed Database နဲ့ လဲလိုက်တာ။ အိမ်ပြောင်းတဲ့အခါ ရေခဲသေတ္တာဟောင်းကို အိမ်သစ်မှာ ရှိပြီးသား အသစ်နဲ့ လဲလိုက်သလိုပါ။ အလယ်အလတ် နည်းလမ်းပါ။
Refactor — ဆိုက်ကို Cloud အတွက် ပြန်ရေးတာ။ အကြီးမားဆုံး အလုပ်ပါ။ ဒါပေမယ့် Cloud ရဲ့ အားသာချက်ကို အများဆုံး ရပါတယ်။ အိမ်သစ်အတွက် ပရိဘောဂအသစ် အကုန် ဝယ်လိုက်သလိုပါ။

ရွှေ့တဲ့အခါ သတိထားရမယ့်အချက်တွေ

Backup အရင်လုပ်ပါ — ရွှေ့ခင် Data အကုန်လုံးကို Backup လုပ်ထားပါ။ ရွှေ့ရင်း တစ်ခုခု မှားသွားရင် ပြန်ယူလို့ ရအောင်ပါ။ Backup မရှိဘဲ ရွှေ့တာက ကြိုးမပါဘဲ မျက်စိမှိတ်လမ်းလျှောက်သလိုပါ။
တစ်ပိုင်းချင်း ရွှေ့ပါ — ဆိုက်တစ်ခုလုံးကို တစ်ခါတည်း ရွှေ့တာထက် အပိုင်းသေးသေးလေးတွေ ခွဲပြီး တစ်ပိုင်းချင်း ရွှေ့ပါ။ တစ်ခုခု မှားရင် အဲဒီအပိုင်းလေးပဲ ပြန်ပြင်ရတယ်။
စမ်းသပ်ပါ — Cloud ပေါ် ရောက်ပြီးရင် တကယ် သုံးမယ့်သူတွေကို မဖွင့်ခင် သေချာစမ်းပါ။ Login ဝင်လို့ရလား၊ ငွေပေးချေလို့ရလား၊ ပုံတွေ ပေါ်လားဆိုတာ စစ်ပါ။
ကုန်ကျစရိတ်ကို စောင့်ကြည့်ပါ — Cloud က သုံးသလောက် ပေးရတာမို့ မှားယွင်းပြီး Server ကြီးတွေ ဖွင့်ထားမိရင် Bill Shock ဖြစ်တတ်ပါတယ်။ Billing Alert ကို အရင် ဖွင့်ထားပါ။ Cloud Bill Shock အကြောင်းကိုလည်း အရင်က ပြောပြီးသားပါ။
Downtime ကို စီစဉ်ပါ — ရွှေ့နေတဲ့အချိန် ဆိုက်က ခနရပ်သွားနိုင်ပါတယ်။ လူနည်းတဲ့ အချိန် (ညသန်းခေါင်) မှာ ရွှေ့ပါ၊ အသုံးပြုသူတွေကို ကြိုအသိပေးထားပါ။

Cloud Migration က တစ်ညတည်း ပြီးတဲ့ အလုပ်မဟုတ်ပါဘူး။ သေးသေးလေးကနေ စပြီး တစ်ပိုင်းချင်း ရွှေ့ရင် အန္တရာယ်နည်းပါတယ်။ ကိုယ့်ဆိုက်က ကြီးလာလို့ ကိုယ့် Server က မနိုင်တော့ဘူးဆိုရင် Cloud ကို ရွှေ့ဖို့ စဉ်းစားသင့်ပြီ။ ရွှေ့ပြီးရင် ကိုယ့်အလုပ်က ဆိုက်ကို တိုးတက်အောင် လုပ်ဖို့ပဲ အာရုံစိုက်လို့ရတော့မယ်၊ Server ပြင်တဲ့ အလုပ်ကို Cloud က ယူသွားပြီလေ။ 🙂

Avatar photo
Min SiThu
@itsmeminsithu

Software Engineer & Tech Content Creator

View all posts