လွယ်လွယ်ပြောရရင် Pharming ဆိုတာ ကိုယ်က Website အစစ်ရဲ့ လိပ်စာကို မှန်မှန်ကန်ကန် ရိုက်ထည့်ပေမယ့် Hacker က ကိုယ့်ကို Website အတုဆီ အလိုလို ပို့လိုက်တဲ့ လိမ်နည်းပါ။ Phishing က Link အတုကို ပို့ပြီး နှိပ်ခိုင်းတာဆိုရင်၊ Pharming က Link ကိုက မလိုဘူး။ ကိုယ်က အစစ်ထင်ပြီး သွားလိုက်တာ၊ ရောက်သွားတာက အတုဖြစ်နေတာပါ။ ဒါကြောင့် Pharming က Phishing ထက် ပိုကြောက်စရာကောင်းပါတယ်။

ကျွန်တော် ဒါကို လမ်းညွှန်ဆိုင်းဘုတ်နဲ့ ဥပမာပေးချင်တယ်။ ကိုယ် ဆိုင်တစ်ဆိုင်ကို သွားချင်တယ်ဆိုပါစို့။ လမ်းညွှန်ဆိုင်းဘုတ်တွေက “ဒီဘက်သွားပါ” လို့ ပြနေတယ်။ ကိုယ်က ဆိုင်းဘုတ်အတိုင်း လိုက်သွားတယ်။ ဒါပေမယ့် တစ်ယောက်ယောက်က ဆိုင်းဘုတ်ကို ညက ခိုးပြောင်းထားခဲ့တယ်။ ကိုယ် ရောက်သွားတာက ဆိုင်အစစ်မဟုတ်ဘဲ အတုဆိုင်ဖြစ်နေတယ်။ အတုဆိုင်က အစစ်နဲ့ တပုံစံတည်း ဆောက်ထားတော့ ကိုယ်က မရိပ်မိဘူး။ အဲဒီဆိုင်မှာ ကိုယ့်ပိုက်ဆံအိတ် ဖွင့်ပြလိုက်မိရင် ဆုံးပြီ။ Pharming လည်း အတူတူပါပဲ။ Hacker က Internet ရဲ့ “လမ်းညွှန်ဆိုင်းဘုတ်” (DNS) ကို ပြောင်းထားတာပါ။

Pharming က ဘယ်လို အလုပ်လုပ်တာလဲ?

Website တစ်ခုရဲ့ နာမည်ကို (ဥပမာ facebook.com) ကိုယ် ရိုက်ထည့်လိုက်တဲ့အခါ Browser က DNS Server ကို “ဒီနာမည်ရဲ့ IP Address က ဘယ်လောက်လဲ?” လို့ မေးပါတယ်။ DNS က အဖြေပေးမှ Browser က အဲဒီ IP ဆီ သွားတာပါ။ Hacker က ဒီအဆင့်မှာ ဝင်စွက်ဖက်တာပါ။

DNS Poisoning — Hacker က DNS Server ထဲကို အချက်အလက်အမှား ထိုးထည့်လိုက်တယ်။ အဲဒီ DNS ကို သုံးတဲ့သူတိုင်း Website အစစ်ကို မေးလည်း Hacker ရဲ့ Server အတုဆီ ရောက်သွားတယ်။ တစ်ယောက်တည်းမဟုတ်ဘူး၊ လူထောင်ပေါင်းများစွာ တစ်ပြိုင်နက် ထိခိုက်နိုင်တယ်။
Hosts File ပြောင်းတာ — ကိုယ့်ကွန်ပျူတာထဲက Hosts File ကို Malware က ပြောင်းလိုက်တယ်။ အဲဒီ File ထဲမှာ “facebook.com = Hacker ရဲ့ IP” လို့ ရေးထားတော့ ကိုယ်က facebook.com ရိုက်တိုင်း အတုဆီ ရောက်နေတယ်။ ကိုယ့်စက်ထဲမှာပဲ ဖြစ်နေတာမို့ တခြားသူတွေ မထိဘူး။
Router ကို ဖောက်တာ — အိမ်က Wi-Fi Router ရဲ့ Password အားနည်းရင် Hacker က Router ထဲ ဝင်ပြီး DNS Setting ကို ပြောင်းလိုက်တယ်။ အဲဒီ Wi-Fi ကို သုံးတဲ့သူတိုင်း Pharming ထိတယ်။

ရောက်သွားတဲ့ Website အတုက အစစ်နဲ့ တစ်ပုံစံတည်း ဖြစ်နေတတ်တယ်။ Logo, အရောင်, စာသား — အားလုံး အတူတူပဲ။ ကိုယ်က Username နဲ့ Password ရိုက်ထည့်လိုက်တာနဲ့ Hacker လက်ထဲ ရောက်သွားတယ်။ ဘဏ် Website ဆိုရင် ပိုဆိုးပါတယ်။

Phishing နဲ့ Pharming ဘာကွာလဲ?

Phishing — Link အတု၊ Email အတု၊ SMS အတုကို ကိုယ့်ဆီ ပို့တယ်။ ကိုယ် နှိပ်မိမှ ထိတယ်။ ကိုယ် သတိထားရင် ရှောင်နိုင်တယ်။
Pharming — ကိုယ် ဘာမှ မှားမလုပ်ဘူး။ လိပ်စာအမှန်ကို ရိုက်ထည့်တယ်။ ဒါပေမယ့် လမ်းကြောင်းက ပြောင်းထားခံရလို့ အတုဆီ ရောက်သွားတယ်။ ကိုယ် သတိထားဖို့ ပိုခက်တယ်။

Pharming ကို ဘယ်လို ကာကွယ်ရမလဲ?

HTTPS သော့ခလောက်ကို စစ်ပါ — Browser ရဲ့ လိပ်စာဘားမှာ သော့ခလောက် ပုံလေး ရှိရမယ်။ သော့ခလောက် မရှိရင်၊ “Not Secure” လို့ ပြနေရင် အဲဒီ Site မှာ Password မရိုက်ပါနဲ့။ Website အတုတွေက HTTPS Certificate အစစ်ရဖို့ ခက်ပါတယ်။
URL ကို သေချာဖတ်ပါ — facebook.com အစား faceb00k.com လို ရေးထားလား စစ်ပါ။ အတုတွေက စာလုံးတစ်လုံးနှစ်လုံး ပြောင်းထားတတ်တယ်။
Router Password ကို ခိုင်မာအောင် ပြောင်းပါ — Router ရဲ့ Default Password (admin/admin လိုမျိုး) ကို ဒီအတိုင်း မထားပါနဲ့။ ခိုင်မာတဲ့ Password နဲ့ ပြောင်းပြီး Firmware ကိုလည်း Update လုပ်ပါ။
DNS ကို ယုံကြည်ရတဲ့ DNS သုံးပါ — Google DNS (8.8.8.8) ဒါမှမဟုတ် Cloudflare DNS (1.1.1.1) လို ယုံကြည်ရတဲ့ DNS ကို သုံးပါ။ Browser Setting မှာ “Secure DNS” ကို ဖွင့်ထားပါ။
Public Wi-Fi မှာ ဘဏ်အကောင့် မဝင်ပါနဲ့ — အလကား Wi-Fi တွေက Pharming လုပ်ဖို့ လွယ်တဲ့နေရာပါ။ ဘဏ်, ငွေလွှဲတာတွေကို ကိုယ့် Mobile Data နဲ့ပဲ လုပ်ပါ။
Antivirus ကို Update လုပ်ထားပါ — Hosts File ကို ပြောင်းတဲ့ Malware တွေကို Antivirus က ဖမ်းပေးနိုင်ပါတယ်။

Pharming က ကိုယ့်အမှားမဟုတ်ဘဲ ထိတတ်တဲ့ တိုက်ခိုက်မှုပါ။ ဒါကြောင့် သတိထားဖို့ ပိုလိုပါတယ်။ Website တစ်ခုဝင်တိုင်း URL ကို တစ်ချက်ဖတ်တဲ့ အကျင့်လေးလုပ်ထားရင် ကာကွယ်နိုင်ပါတယ်။ ကိုယ့်ပိုက်ဆံ, ကိုယ့်အကောင့်ကို ကာကွယ်ဖို့က ကိုယ့်လက်ထဲမှာပဲ ရှိတာပါ။ 🙂

Avatar photo
Min SiThu
@itsmeminsithu

Software Engineer & Tech Content Creator

View all posts