လွယ်လွယ်ပြောရရင် CAPTCHA ဆိုတာ “မင်းက လူအစစ်လား၊ Robot လား” လို့ Website က စစ်ဆေးတဲ့ စမ်းသပ်ချက်ပါ။ CAPTCHA ဆိုတာ Completely Automated Public Turing test to tell Computers and Humans Apart ရဲ့ အတိုကောက်ပါ။ အရှည်ကြီးဖတ်ရတာ ခက်ပေမယ့် အဓိပ္ပာယ်ကတော့ ရှင်းပါတယ် — Computer က လူနဲ့ Robot ကို ခွဲခြားတဲ့ စမ်းသပ်ချက်ပါ။

ကျွန်တော် ဒါကို တံခါးစောင့်နဲ့ ဥပမာပေးချင်တယ်။ အဆောက်အဦး တစ်ခုထဲ ဝင်ဖို့ တံခါးစောင့်က “ဒီနေ့ စကားဝှက်က ဘာလဲ” လို့ မေးသလို CAPTCHA ကလည်း Website ထဲ ဝင်ခါနီးမှာ “လူမှန်ကြောင်း သက်သေပြပါ” လို့ မေးတာပါ။ လူက အလွယ်တကူ ဖြေနိုင်ပေမယ့် Robot က ဖြေဖို့ ခက်တဲ့ မေးခွန်းမျိုး ဖြစ်ရပါတယ်။

CAPTCHA အမျိုးအစားတွေ

အခုခေတ်မှာ CAPTCHA ပုံစံ အမျိုးမျိုး ရှိပါတယ်။

စာလုံးအကွေးအကောက် — အစောပိုင်း CAPTCHA တွေပါ။ “xK7mP2” ဆိုတဲ့ စာလုံးတွေကို ကွေးကောက်ပြီး ပြတယ်။ လူက ဖတ်နိုင်ပေမယ့် Computer က ဖတ်ရ ခက်တယ်။ အခုတော့ AI က ဒါတွေကို တော်တော်လေး ဖတ်နိုင်လာလို့ သုံးတာ နည်းသွားပါပြီ။
ပုံရွေးတဲ့ CAPTCHA — “မီးပွိုင့်ပါတဲ့ ပုံတွေကို ရွေးပါ” “လှေကားပါတဲ့ ပုံတွေကို ရွေးပါ” ဆိုတာမျိုးပါ။ reCAPTCHA v2 ရဲ့ နာမည်ကြီး ပုံစံပါ။ လူက တစ်ချက်ကြည့်တာနဲ့ ရွေးနိုင်ပေမယ့် Robot က ပုံထဲက အရာကို နားလည်ရ ခက်ပါတယ်။
Checkbox — “I’m not a robot” ဆိုတဲ့ အကွက်လေးကို နှိပ်ရုံပါပဲ။ ဒါပေမယ့် နောက်ကွယ်မှာ Mouse လှုပ်ပုံ၊ နှိပ်တဲ့အချိန်၊ Browser အချက်အလက်တွေကို Google က စစ်နေပါတယ်။ Robot လို လှုပ်ရှားမှု တွေ့ရင် ပုံရွေးတဲ့ CAPTCHA ကို ထပ်ပြပါတယ်။
မမြင်ရတဲ့ CAPTCHA — reCAPTCHA v3 လိုမျိုးပါ။ User က ဘာမှ လုပ်စရာ မလိုဘူး။ Website က နောက်ကွယ်မှာ User ရဲ့ လုပ်ဆောင်ချက်ကို အမှတ် ၀ ကနေ ၁ အထိ ပေးပါတယ်။ ၁ နီးရင် လူ၊ ၀ နီးရင် Robot လို့ သတ်မှတ်ပါတယ်။

ဘာလို့ CAPTCHA လိုအပ်တာလဲ?

Robot တွေက Internet ပေါ်မှာ တော်တော် ဆိုးပါတယ်။ CAPTCHA မရှိရင် ဒါတွေ ဖြစ်လာနိုင်ပါတယ်။

အကောင့်အတု ထောင်သောင်းချီ — Robot က တစ်မိနစ်အတွင်း Facebook အကောင့် အတု ထောင်ချီ ဖွင့်နိုင်ပါတယ်။ အဲဒီအကောင့်တွေနဲ့ Spam ဖြန့်မယ်၊ လိမ်လည်မယ်။
Spam Comment တွေ — Blog တစ်ခုမှာ Comment အတု ထောင်ချီ တက်လာနိုင်ပါတယ်။ ရောင်းချင်တဲ့ ပစ္စည်း Link တွေ ဖြန့်မယ်။
လက်မှတ် အကုန်ဝယ်ယူတာ — ဂီတပွဲ လက်မှတ်တွေ ထွက်တာနဲ့ Robot က အကုန်ဝယ်ပြီး ဈေးတင်ရောင်းမယ်။ လူအစစ်က လက်မှတ် ဝယ်မရတော့ဘူး။
Password ကို အကြိမ်ကြိမ် စမ်းတာ — Brute Force Attack လုပ်တဲ့ Robot တွေကို CAPTCHA က နှေးကွေးအောင် တားပါတယ်။

CAPTCHA ကို ဖြေရ ခက်နေရင် ဘာလုပ်ရမလဲ?

တစ်ခါတလေ CAPTCHA က လူအစစ်ကိုတောင် ခက်ခက်ခဲခဲ စစ်တတ်ပါတယ်။ အထူးသဖြင့် VPN သုံးနေရင် Google က သံသယပိုရှိပြီး CAPTCHA ခဏခဏ ပြတတ်ပါတယ်။

VPN ကို ခဏပိတ်ပြီး စမ်းကြည့်ပါ — VPN IP က လူအများကြီး သုံးထားတဲ့ IP ဖြစ်နေရင် Google က Robot လို့ ထင်တတ်ပါတယ်။
Browser ကို Update လုပ်ပါ — Browser ဟောင်းရင် CAPTCHA က အလုပ်မလုပ်တတ်ပါဘူး။
အသံဗားရှင်း သုံးပါ — ပုံဖတ်ရ ခက်ရင် နားကြပ်ပုံလေးကို နှိပ်ပြီး အသံနားထောင်ပြီး ရိုက်လို့ရပါတယ်။
စိတ်ရှည်ရှည်း ဖြေပါ — ပုံရွေးတဲ့ CAPTCHA မှာ ပုံအသစ်တွေ ထပ်ထွက်လာရင် ရွေးနေရတာ စိတ်ပျက်စရာပါ။ ဒါပေမယ့် အဲဒါက Google က ပုံတွေကို Label ကပ်ဖို့ လူတွေကို အကူအညီတောင်းနေတာလည်း ဖြစ်နိုင်ပါတယ်။

CAPTCHA က တစ်ခါတလေ စိတ်အနှောင့်အယှက် ဖြစ်စေပေမယ့် Internet ကို လူအစစ်တွေအတွက် လုံခြုံအောင် ကာကွယ်ပေးနေတဲ့ တံခါးစောင့်တစ်ယောက်ပါ။ နောက်တစ်ခါ “I’m not a robot” ကို နှိပ်မိရင် ကိုယ်က လူအစစ်မှန်ကြောင်း သက်သေပြနေတာကို သတိရလိုက်ပါ။

—

Avatar photo
Min SiThu
@itsmeminsithu

Software Engineer & Tech Content Creator

View all posts