လွယ်လွယ်ပြောရရင် Ethical Hacking ဆိုတာ ခွင့်ပြုချက်နဲ့ System တစ်ခုကို ထိုးဖောက်စမ်းပြီး အားနည်းချက်ကို ရှာပေးတဲ့ အလုပ်ပါ။ Hacker ဆိုတဲ့ စကားလုံးကို ကြားရင် လူတော်တော်များများက ခိုးတဲ့သူ၊ ဖျက်ဆီးတဲ့သူလို့ ထင်ကြပါတယ်။ ဒါပေမယ့် Hacker တိုင်းက မကောင်းတာလုပ်တာ မဟုတ်ပါဘူး။ Ethical Hacker တွေက သူခိုးမဝင်ခင် အိမ်သော့ကို စမ်းပေးတဲ့ လူတွေပါ။

ကျွန်တော် ဒါကို ဘဏ်နဲ့ ဥပမာပေးချင်တယ်။ ဘဏ်တစ်ခုက သူ့ရဲ့ လုံခြုံရေးကို စမ်းချင်ရင် သူခိုးအစစ်ကို စောင့်မနေပါဘူး။ သူခိုးအတုကို ငှားပြီး “ကိုယ့်ဘဏ်ကို ဝင်နိုင်လား စမ်းကြည့်” လို့ ခိုင်းပါတယ်။ သူခိုးအတုက ဝင်နိုင်တဲ့ လမ်းကို ရှာတွေ့ရင် ဘဏ်က အဲဒီလမ်းကို ပိတ်လိုက်တယ်။ Ethical Hacking လည်း အတူတူပါပဲ။ မကောင်းတဲ့ Hacker မလာခင် ကောင်းတဲ့ Hacker က အရင် လာစမ်းပြီး အားနည်းချက်ကို ပြပေးတာပါ။

White Hat, Black Hat, Grey Hat

Hacker တွေကို ဦးထုပ်အရောင် ၃ မျိုးနဲ့ ခွဲလေ့ရှိပါတယ်။

White Hat — ခွင့်ပြုချက်နဲ့ လုံခြုံရေးစမ်းတဲ့ Ethical Hacker ပါ။ ကုမ္ပဏီတွေက ငှားပြီး သူတို့ရဲ့ System ကို စမ်းခိုင်းပါတယ်။ တွေ့တဲ့ အားနည်းချက်ကို Report ရေးပြီး ပြန်ပေးပါတယ်။ ဒါက တရားဝင် အလုပ်ပါ။
Black Hat — ခွင့်ပြုချက်မရှိဘဲ ခိုးဝင်ပြီး ငွေလိမ်တာ၊ Data ခိုးတာ၊ System ဖျက်တာတွေ လုပ်တဲ့ Hacker ပါ။ ဒါက ရာဇဝတ်မှုပါ။ Ransomware တို့ Data Breach တို့ရဲ့ နောက်ကွယ်မှာ ဒီလူတွေရှိပါတယ်။
Grey Hat — ကြားထဲမှာ ရှိတဲ့သူတွေပါ။ ခွင့်ပြုချက်မယူဘဲ System တစ်ခု ချိုးဖောက်ကြည့်ပြီး အားနည်းချက်တွေ့ရင် ပိုင်ရှင်ကို အကြောင်းကြားတဲ့ သူမျိုးပါ။ ရည်ရွယ်ချက်ကောင်းပေမယ့် ခွင့်ပြုချက်မရှိတဲ့ အတွက် ဥပဒေနဲ့ ငြိနိုင်ပါတယ်။

ကျွန်တော်တို့ လေ့လာသင့်တာက White Hat ဘက်ပါ။ တူညီတဲ့ ကျွမ်းကျင်မှုကို ကောင်းတဲ့ဘက်မှာ သုံးတာပါ။

Ethical Hacker တစ်ယောက် ဘာတွေ လုပ်တာလဲ?

Penetration Testing လို့ ခေါ်တဲ့ စမ်းသပ်မှုမှာ အဆင့် ၅ ဆင့် ရှိပါတယ်။

Reconnaissance — အရင် လေ့လာပါတယ်။ Target ကုမ္ပဏီရဲ့ Website၊ ဝန်ထမ်းတွေရဲ့ Email ပုံစံ၊ သုံးနေတဲ့ Software တွေကို အများပြည်သူ မြင်နိုင်တဲ့ နေရာတွေကနေ စုပါတယ်။ တိုက်ပွဲမဝင်ခင် မြေပုံအရင် ကြည့်သလိုပါပဲ။
Scanning — Port တွေ၊ Service တွေ၊ သိပြီးသား အားနည်းချက်တွေကို Tool တွေနဲ့ စစ်ပါတယ်။ Nmap ဆိုတဲ့ Tool က ကွန်ပျူတာတစ်လုံးမှာ ဘယ်တံခါးတွေ ဖွင့်ထားလဲဆိုတာ စစ်ပေးပါတယ်။
Exploitation — အားနည်းချက် တွေ့ရင် တကယ် ဝင်လို့ရလား စမ်းပါတယ်။ ဒါကို စာချုပ်နဲ့ နယ်နိမိတ်သတ်မှတ်ထားတဲ့ အတိုင်းပဲ လုပ်ပါတယ်။ ခွင့်ပြုထားတဲ့ အတိုင်းအတာထက် မကျော်ရပါဘူး။
Reporting — တွေ့တာတွေကို Report အဖြစ် ရေးပါတယ်။ ဘယ်နေရာက အားနည်းတယ်၊ ဘယ်လို ဝင်ခဲ့တယ်၊ ဘယ်လို ပြင်ရမယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ရေးပေးပါတယ်။ Report ကောင်းကောင်းရေးနိုင်တာက Ethical Hacker တစ်ယောက်ရဲ့ အရေးအကြီးဆုံး ကျွမ်းကျင်မှုပါ။
Retest — ပြင်ပြီးတာနဲ့ တစ်ခေါက် ပြန်စမ်းပါတယ်။ အားနည်းချက် တကယ် ပိတ်သွားပြီလား ဆိုတာ အတည်ပြုပေးတာပါ။

သုံးတဲ့ Tool တွေကတော့ Kali Linux ဆိုတဲ့ OS၊ Burp Suite (Website စမ်းတဲ့ Tool), Metasploit (အားနည်းချက် စမ်းတဲ့ Framework) တို့ပါ။ Tool ကို သုံးတတ်ရုံနဲ့ Hacker ဖြစ်သွားတာ မဟုတ်ပါဘူး။ ကွန်ပျူတာ Network၊ Operating System၊ Web ဘယ်လိုအလုပ်လုပ်လဲဆိုတာကို နားလည်မှ Tool က အဓိပ္ပာယ်ရှိပါတယ်။

Bug Bounty: အားနည်းချက်ရှာပြီး ငွေရတာ

ကုမ္ပဏီကြီးတွေက သူတို့ System ကို စမ်းပြီး အားနည်းချက်ရှာပေးရင် ဆုငွေပေးတဲ့ အစီအစဉ်တွေ ရှိပါတယ်။ ဒါကို Bug Bounty လို့ ခေါ်ပါတယ်။ Google, Facebook, Microsoft တို့လို ကုမ္ပဏီတွေမှာ ကိုယ်ပိုင် Bug Bounty Program ရှိပြီး အားနည်းချက်ရဲ့ အရေးကြီးမှုပေါ် မူတည်ပြီး ဒေါ်လာ ရာဂဏန်းကနေ သောင်းဂဏန်းအထိ ပေးပါတယ်။

HackerOne နဲ့ Bugcrowd ဆိုတဲ့ Platform တွေမှာလည်း ကုမ္ပဏီအများကြီးရဲ့ Program တွေ စုထားပါတယ်။ မြန်မာက လူငယ်တွေထဲမှာလည်း Bug Bounty ကနေ ဝင်ငွေရှာနေတဲ့သူတွေ ရှိပါတယ်။ ဒါပေမယ့် တစ်ညတည်း ချမ်းသာသွားတဲ့ ပုံပြင်မျိုး မဟုတ်ပါဘူး။ လနဲ့ချီပြီး လေ့လာရတယ်၊ Report တွေ အများကြီး ရေးရတယ်၊ တစ်ခါတလေ လပိုင်းလောက် ဘာမှ မတွေ့တာလည်း ရှိပါတယ်။

စိတ်ဝင်စားရင် ဘယ်ကစရမလဲ?

အခြေခံကို အရင်တည်ပါ — Network (TCP/IP, DNS, HTTP), Linux Command Line, Web ဘယ်လိုအလုပ်လုပ်လဲ ဆိုတာတွေကို အရင် နားလည်ပါ။ Tool မသုံးခင် အခြေခံကို သိထားမှ တွေ့တာကို နားလည်နိုင်ပါတယ်။
Lab မှာ လက်တွေ့ စမ်းပါ — TryHackMe, Hack The Box ဆိုတဲ့ Platform တွေမှာ တရားဝင် စမ်းလို့ရတဲ့ Lab တွေ ရှိပါတယ်။ အစပိုင်းမှာ လမ်းညွှန်ပါတဲ့ Room တွေက စပြီး လေ့ကျင့်ပါ။
Web Security က စပါ — OWASP Top 10 ကို လေ့လာပါ။ SQL Injection, XSS ဆိုတာတွေကို ကိုယ့် Lab ထဲမှာ စမ်းကြည့်ပါ။ ဒီဆောင်းပါးတွေကို minsithu.org မှာ အရင်က ရေးခဲ့ပြီးသားမို့ ပြန်ဖတ်ကြည့်လို့ရပါတယ်။
Certificate ကို နောက်မှ စဉ်းစားပါ — CEH, OSCP ဆိုတဲ့ Certificate တွေက အလုပ်လျှောက်တဲ့အခါ အထောက်အကူဖြစ်ပါတယ်။ ဒါပေမယ့် Certificate က အစမဟုတ်ပါဘူး။ ကျွမ်းကျင်မှုနဲ့ လက်တွေ့ အတွေ့အကြုံက အရင်ပါ။

အရေးအကြီးဆုံးကတော့ ဥပဒေပါ။ ခွင့်ပြုချက်မရှိဘဲ ဘယ် System ကိုမှ မစမ်းပါနဲ့။ ကိုယ့် Lab ကိုယ်တိုင် ဆောက်ပြီးပဲ စမ်းပါ။ “စမ်းကြည့်ရုံပဲ” ဆိုပြီး သူများ Website ကို ထိုးဖောက်ကြည့်တာက ရာဇဝတ်မှုဖြစ်နိုင်ပါတယ်။

Ethical Hacking က စိတ်ဝင်စားစရာကောင်းတဲ့ နယ်ပယ်ပါ။ တစ်ဖက်မှာ Hacker ရဲ့ နည်းလမ်းကို နားလည်ရတယ်၊ တစ်ဖက်မှာ ကာကွယ်တဲ့သူ ဖြစ်ရတယ်။ သူခိုးကို ဖမ်းချင်ရင် သူခိုးလို တွေးတတ်ရတယ်ဆိုတဲ့ စကားလိုပါပဲ။ 🙂

—

Avatar photo
Min SiThu
@itsmeminsithu

Software Engineer & Tech Content Creator

View all posts