လွယ်လွယ်ပြောရရင် Botnet ဆိုတာ Hacker က ထိန်းချုပ်ထားတဲ့ ကွန်ပျူတာ အများကြီးရဲ့ ကွန်ရက်ပါ။ ကွန်ပျူတာ တစ်လုံးချင်းစီကို Bot (Robot ရဲ့ အတို) လို့ ခေါ်ပြီး အဲဒီ Bot တွေအားလုံးကို စုပေါင်းထားတာက Botnet ပါ။ အဆိုးဆုံးက Bot ဖြစ်နေတဲ့ ကွန်ပျူတာရဲ့ ပိုင်ရှင်က ကိုယ်ဟာ Botnet ထဲ ပါဝင်နေမှန်း မသိတာပါ။ ကိုယ့်ကွန်ပျူတာက တစ်ခြားသူကို တိုက်ခိုက်နေပေမယ့် ကိုယ်က ပုံမှန်အတိုင်း Facebook သုံးနေမိပါတယ်။
ကျွန်တော် ဒါကို ရုပ်သေးရုပ်တွေနဲ့ ဥပမာပေးချင်တယ်။ ရုပ်သေးရုပ်တစ်ရုပ်ချင်းစီက သူ့ဟာသူ မလှုပ်ရှားပါဘူး။ ကြိုးကိုင်တဲ့သူက ကြိုးဆွဲမှ လက်မြှောက်တယ်၊ ခြေလှမ်းတယ်။ Botnet ထဲက ကွန်ပျူတာတွေလည်း အဲဒီလိုပါပဲ။ Hacker က Command and Control Server (C&C Server) လို့ ခေါ်တဲ့ ဗဟိုကနေ အမိန့်ပေးလိုက်ရင် Bot တွေအားလုံး တစ်ပြိုင်နက် လှုပ်ရှားပါတယ်။ Hacker တစ်ယောက်တည်းက ကွန်ပျူတာ သိန်းချီကို တစ်ခါတည်း ခိုင်းနိုင်တာပါ။
ကွန်ပျူတာတစ်လုံး Bot ဖြစ်သွားတာ ဘယ်လိုလဲ?
Bot ဖြစ်သွားတဲ့ လမ်းကြောင်းတွေက အများကြီး ရှိပါတယ်။
Malware ပါတဲ့ File ကို Download လုပ်မိတာ — Free Software ဆိုပြီး Download လုပ်လိုက်တဲ့ File ထဲမှာ Bot Malware ပါလာတာပါ။
Phishing Email ထဲက Link ကို နှိပ်မိတာ — Email ထဲက Attachment ကို ဖွင့်လိုက်တာနဲ့ Malware Install ဖြစ်သွားပါတယ်။
Update မလုပ်ထားတဲ့ Software ကို တိုက်ခိုက်ခံရတာ — Windows ဒါမှမဟုတ် Browser က Update မလုပ်ထားရင် Hacker က အားနည်းချက်ကနေ ဝင်လာနိုင်ပါတယ်။
IoT ပစ္စည်းတွေ — IP Camera, Router, Smart TV တွေမှာ Default Password မပြောင်းထားရင် Botnet ထဲ ဆွဲသွင်းခံရတာ အလွယ်ဆုံးပါ။ 2016 ခုနှစ်က နာမည်ကြီး Mirai Botnet ဆိုတာ IoT ပစ္စည်း သိန်းချီကို သုံးပြီး Internet ရဲ့ အကြီးဆုံး DDoS တိုက်ခိုက်မှုကို လုပ်ခဲ့တာပါ။
Malware Install ဖြစ်သွားတာနဲ့ Bot က တိတ်တိတ်လေး C&C Server နဲ့ ချိတ်ပြီး “ကျွန်တော် အဆင်သင့်ပါ” လို့ အမိန့်စောင့်နေပါတယ်။
Botnet ကို ဘာတွေ လုပ်ခိုင်းတာလဲ?
Botnet ရဲ့ အသုံးအများဆုံး ရည်ရွယ်ချက်တွေကတော့ —
DDoS တိုက်ခိုက်မှု — Bot သိန်းချီက Website တစ်ခုကို တစ်ပြိုင်နက် ဝင်လာရင် Website က ပြိုကျသွားပါတယ်။ ဒါက Botnet ရဲ့ အကျော်ကြားဆုံး အသုံးပါ။
Spam ပို့တာ — Bot တွေကနေ Email အမှိုက်တွေ သန်းချီပို့ပြီး လိမ်လည်မှုတွေ ဖြန့်ပါတယ်။
Cryptocurrency တူးတာ — ကိုယ့်ကွန်ပျူတာရဲ့ CPU ကို ခိုးသုံးပြီး Crypto တူးတာပါ။ ဒါကို Cryptojacking လို့ ခေါ်ပါတယ်။
Password တွေ လိုက်စမ်းတာ — Bot တစ်သိန်းက တစ်ပြိုင်နက် Password တွေ ခန့်မှန်းပြီး Account တွေ ခိုးယူပါတယ်။
Botnet ကိုယ်တိုင် ဌားစားတာ — Hacker တွေက သူတို့ရဲ့ Botnet ကို တစ်ခြား Hacker တွေကို ငွေနဲ့ ဌားစားကြပါတယ်။
ကိုယ့်ကွန်ပျူတာ Bot ဖြစ်နေလား ဘယ်လိုသိမလဲ?
Bot တွေက တိတ်တိတ်လေး အလုပ်လုပ်တတ်လို့ သတိထားရခက်ပါတယ်။ ဒါပေမယ့် လက္ခဏာတွေတော့ ရှိပါတယ်။
ကွန်ပျူတာ ရုတ်တရက် နှေးသွားတာ — ဘာမှမလုပ်ဘဲ CPU သုံးနေတာ မြင့်နေရင် သံသယဝင်သင့်ပါတယ်။
Internet Data ပုံမှန်ထက် အများကြီး ကုန်နေတာ — Bot က C&C Server နဲ့ အမြဲ ဆက်သွယ်နေလို့ပါ။
Antivirus က Warning ပေးတာ — Antivirus ရဲ့ သတိပေးချက်ကို လျစ်လျူမရှုပါနဲ့။
Browser ကိုယ်မဖွင့်ဘဲ Pop-up တွေ ထွက်လာတာ — Malware ရှိနေတဲ့ လက္ခဏာပါ။
Task Manager (Windows) ဒါမှမဟုတ် Activity Monitor (Mac) ဖွင့်ပြီး ကိုယ်မသိတဲ့ Program တစ်ခုခု CPU များများသုံးနေလား စစ်ကြည့်လို့ရပါတယ်။
Bot ဖြစ်မသွားအောင် ဘယ်လိုကာကွယ်မလဲ?
Software တွေကို အမြဲ Update လုပ်ပါ — Windows Update နဲ့ Browser Update ကို နှောင့်နှေးမလုပ်ပါနဲ့။
Antivirus တစ်ခု သုံးပါ — Windows Defender လို Free Antivirus တောင် အတော်လေး ကာကွယ်ပေးပါတယ်။
မသိတဲ့ File ကို Download မလုပ်ပါနဲ့ — Cracked Software နဲ့ Free Movie Site တွေက Botnet ရဲ့ အဓိက ဝင်ပေါက်ပါ။
Router နဲ့ IP Camera ရဲ့ Default Password ကို ပြောင်းပါ — “admin / admin” ဆိုတဲ့ Password က Hacker အတွက် တံခါးဖွင့်ပေးထားသလိုပါပဲ။
Email Attachment ကို သတိထားဖွင့်ပါ — မမျှော်လင့်ထားတဲ့ Email ထဲက File ကို မဖွင့်ခင် နှစ်ခါစဉ်းစားပါ။
Botnet က ကိုယ့်ကွန်ပျူတာကို ခိုးပြီး တစ်ခြားသူကို တိုက်ခိုက်တဲ့ နည်းပါ။ ကိုယ် မသိလိုက်ဘဲ အသုံးချခံနေရတာကို ကာကွယ်ဖို့ Update လုပ်တာ၊ Antivirus သုံးတာ၊ Password ပြောင်းတာလို အခြေခံအကျဆုံး အရာလေးတွေက တကယ်ကို အလုပ်ဖြစ်ပါတယ်။ ကိုယ့်ကွန်ပျူတာကို ရုပ်သေးရုပ် မဖြစ်အောင် ကိုယ်တိုင်ပဲ ကာကွယ်ထားလိုက်ပါ။
—