လွယ်လွယ်ပြောရရင် Context Window ဆိုတာ AI တစ်ခါတည်း မြင်နိုင်တဲ့ စာပမာဏရဲ့ ကန့်သတ်ချက်ပါ။ ChatGPT နဲ့ စကားပြောနေရင် ကိုယ်ရေးခဲ့တဲ့ စာတွေ၊ AI ဖြေခဲ့တဲ့ စာတွေအားလုံးကို AI က တစ်ခါတည်း မြင်နေရပါတယ်။ ဒါပေမယ့် အဲဒီ “မြင်နိုင်တဲ့ ပမာဏ” က အကန့်အသတ်ရှိပါတယ်။ အဲဒီ ကန့်သတ်ချက်ကိုပဲ Context Window လို့ ခေါ်တာပါ။ Token တွေ များလာရင် အစောပိုင်းစာတွေကို AI က မေ့သွားပါတယ်။

ကျွန်တော် ဒါကို စားပွဲပေါ်က စာရွက်တွေနဲ့ ဥပမာပေးချင်တယ်။ သင်က စားပွဲသေးသေးလေးပေါ်မှာ စာရွက်တွေ ဖြန့်ပြီး အလုပ်လုပ်နေတယ်ဆိုပါစို့။ စားပွဲပေါ်မှာ စာရွက် ၁၀ ရွက်ပဲ ထားလို့ရတယ်။ စာရွက် ၁၁ ရွက်မြောက် လာတင်လိုက်ရင် အစောဆုံး တင်ထားတဲ့ စာရွက်တစ်ရွက်က စားပွဲအောက် ကို ပြုတ်ကျသွားတယ်။ AI ရဲ့ Context Window လည်း အဲဒီလိုပါပဲ။ စာများလာရင် အစောပိုင်းက စာတွေ တစ်ဖြည်းဖြည်း “ပြုတ်ကျ” သွားပါတယ်။ ဒါကြောင့် စကားပြောကြာလာရင် AI က အစောပိုင်းက ပြောခဲ့တာတွေကို မေ့သွားတာပါ။

Context Window ကို ဘာနဲ့ တိုင်းတာလဲ?

Context Window ကို Token နဲ့ တိုင်းပါတယ်။ Token ဆိုတာ AI က စာကို ခွဲဖတ်တဲ့ အပိုင်းအစလေးတွေပါ။ အင်္ဂလိပ်စာ ၁ လုံးလောက်က Token ၁ လုံးနီးပါး ဖြစ်ပြီး မြန်မာစာကတော့ Token ပိုကုန်ပါတယ်။

GPT-3.5 အစောပိုင်းကာလမှာ Context Window က 4K Token လောက်ပဲ ရှိခဲ့ပါတယ်။ စာမျက်နှာ ၃-၄ ရွက်စာလောက်ပေါ့။
GPT-4o လို Model အသစ်တွေမှာ 128K Token အထိ ရှိလာပါတယ်။ စာအုပ် တစ်အုပ်နီးပါး ဖတ်နိုင်တဲ့သဘောပါ။
Gemini 1.5 Pro တောင် 1M Token အထိ ရတယ်လို့ ကြေညာထားပါတယ်။ စာအုပ်ကြီး တစ်အုပ်လုံးကို တစ်ခါတည်း ထည့်ပေးလို့ရတယ်။

ဒါပေမယ့် သတိထားရမှာက Context Window ကြီးလေ AI ပိုတော်လေ မဟုတ်ပါဘူး။ စာအများကြီး ထည့်ပေးလိုက်ရင် AI က အရေးကြီးတဲ့ အချက်ကို သတိမထားမိဘဲ လွတ်သွားတတ်ပါတယ်။ ဒါကို “Lost in the Middle” လို့ သုတေသီတွေ ခေါ်ပါတယ်။ စာရှည်ကြီးရဲ့ အလယ်ပိုင်းက အချက်တွေကို AI က မေ့တတ်ပါတယ်။

Context Window ပြည့်သွားရင် ဘာဖြစ်တာလဲ?

Chat တစ်ခုမှာ စကားပြောကြာလာပြီး Token ပြည့်သွားရင် AI က အစောပိုင်းက Message တွေကို ဖြတ်ထုတ်ပစ်ပါတယ်။ သင် အစောပိုင်းမှာ “ကျွန်တော်က Python သင်နေတယ်” လို့ ပြောခဲ့ရင် နောက်ပိုင်းမှာ AI က အဲဒါကို မေ့ပြီး JavaScript နဲ့ ဥပမာပေးမိတတ်ပါတယ်။ အဲဒါ Bug မဟုတ်ပါဘူး။ Context Window ပြည့်သွားလို့ အစောပိုင်းစာတွေ ပြုတ်ကျသွားတာပါ။

ဒါကို ဖြေရှင်းဖို့ AI App တွေက နည်းလမ်းတွေ သုံးပါတယ်။

Chat အသစ်ဖွင့်ခိုင်းတာ — အစကနေ ပြန်စရင် Window ပြန်လွတ်သွားပါတယ်။
အရေးကြီးတဲ့ အချက်တွေကို အကျဉ်းချုပ်ပြီး သိမ်းထားတာ — စကားပြောသမျှကို အကျဉ်းချုပ်လုပ်ပြီး Window ထဲ ထည့်ထားတဲ့သဘောပါ။ ဒါကို Summarization လို့ ခေါ်ပါတယ်။
RAG သုံးတာ — စာရွက်စာတမ်းကြီးတစ်ခုလုံးကို Window ထဲ မထည့်ဘဲ လိုအပ်တဲ့ အပိုင်းလေးကိုပဲ ရှာထုတ်ပြီး ထည့်ပေးတာပါ။

ကိုယ်သုံးတဲ့အခါ ဘာသိထားသင့်လဲ?

စကားပြောကြာလာပြီး AI က အစောပိုင်းကိစ္စတွေ မေ့လာရင် Chat အသစ်ဖွင့်ပြီး အရေးကြီးတဲ့ အချက်ကို ပြန်ပြောပြလိုက်ပါ။
စာရှည်ကြီးကို တစ်ခါတည်း Paste မလုပ်ဘဲ လိုအပ်တဲ့ အပိုင်းလေးကိုပဲ ပေးပါ။ စာများလေ AI လွတ်သွားလေပါ။
Code အရှည်ကြီး Debug လုပ်ရင် Error ဖြစ်နေတဲ့ အပိုင်းလေးကိုပဲ ပေးတာ ပိုထိရောက်ပါတယ်။
“ဒီ Chat မှာ အစောပိုင်းက ဘာပြောခဲ့လဲ” လို့ မေးပြီး AI မှတ်မိနေသေးလား စမ်းကြည့်လို့ရပါတယ်။

Context Window က AI ရဲ့ မှတ်ဉာဏ်ပါ။ မှတ်ဉာဏ်ကောင်းတဲ့ AI က စကားပြောကြာလေ ပိုအဆင်ပြေလေပါပဲ။ ဒါပေမယ့် ကိုယ့်ဘက်က စာကို စနစ်တကျ ပေးတတ်ရင် Window သေးတဲ့ AI နဲ့တောင် အလုပ်ကောင်းကောင်း လုပ်လို့ရပါတယ်။ နောက်တစ်ခါ ChatGPT က အစောပိုင်းကိစ္စ မေ့သွားရင် Window ပြည့်သွားလို့ဆိုတာ သတိရလိုက်ပါ။

—

Avatar photo
Min SiThu
@itsmeminsithu

Software Engineer & Tech Content Creator

View all posts