လွယ်လွယ်ပြောရရင် Quantum Computer ဆိုတာ ကွန်ပျူတာရဲ့ တွက်ချက်မှုကို အခြေခံအကျဆုံး အဆင့်ကနေ ပြောင်းလဲထားတဲ့ ကွန်ပျူတာ အမျိုးအစားပါ။ ရိုးရိုး ကွန်ပျူတာက 0 ဒါမှမဟုတ် 1 — နှစ်ခုထဲက တစ်ခုနဲ့ တွက်တယ်။ Quantum Computer က Qubit ဆိုတဲ့ ယူနစ်ကို သုံးတယ်။ Qubit တစ်ခုက 0 ရော 1 ရော တစ်ပြိုင်နက် ဖြစ်နိုင်တယ်။
ကျွန်တော် ဒါကို အကြွေစေ့လှည့်တာနဲ့ ဥပမာပေးချင်တယ်။ ရိုးရိုး ကွန်ပျူတာက အကြွေစေ့ကို စားပွဲပေါ် တင်ထားသလိုပါပဲ — ခေါင်းလား၊ ပန်းလား၊ တစ်ခုခု အတိအကျ ဖြစ်နေတယ်။ Qubit က အကြွေစေ့ကို လှည့်နေသလိုပါပဲ — လည်နေတဲ့ အချိန်မှာ ခေါင်းရော ပန်းရော နှစ်ခုလုံး ဖြစ်နိုင်တယ်။ ရပ်သွားမှ တစ်ခုခု ဖြစ်သွားတာ။ Quantum Computer က အကြွေစေ့ လည်နေတဲ့ အချိန်ကို သုံးပြီး တွက်ချက်တာပါ။
Bit နဲ့ Qubit ဘာကွာလဲ?
Binary အကြောင်း ပြောခဲ့ဖူးတယ် — ကွန်ပျူတာက 0 နဲ့ 1 နှစ်လုံးတည်းနဲ့ အလုပ်လုပ်တယ်။ Bit တစ်ခုက 0 ဒါမှမဟုတ် 1 တစ်ခုပဲ ဖြစ်နိုင်တယ်။
Bit ၃ လုံး — 000, 001, 010, 011, 100, 101, 110, 111 — ဒီ ၈ မျိုးထဲက တစ်မျိုးတည်း ဖြစ်နိုင်တယ်။ တစ်ခါတည်း တစ်ခုပဲ စမ်းလို့ရတယ်။
Qubit ၃ လုံး — ၈ မျိုးလုံးကို တစ်ပြိုင်နက် ကိုယ်စားပြုနိုင်တယ်။ Superposition လို့ ခေါ်တဲ့ အခြေအနေပါ။ Qubit များလာလေ၊ တစ်ပြိုင်နက် ကိုယ်စားပြုနိုင်တဲ့ အခြေအနေ များလာလေပါ။ Qubit 300 လုံးဆိုရင် စကြဝဠာထဲက Atom အားလုံးထက် များတဲ့ အခြေအနေတွေကို တစ်ပြိုင်နက် ကိုင်နိုင်တယ် — သီအိုရီအရပေါ့။
ဒါပေမယ့် သတိထားရမှာက Qubit ကို ဖတ်လိုက်တာနဲ့ Superposition က ပျက်သွားတယ်။ အကြွေစေ့ လည်နေတာကို ဖမ်းလိုက်တာနဲ့ ခေါင်းလား ပန်းလား တစ်ခုခု ဖြစ်သွားသလိုပါပဲ။ ဒါကြောင့် Quantum Computer က အဖြေကို တိုက်ရိုက်ဖတ်တာမဟုတ်ဘဲ မှန်တဲ့ အဖြေ ထွက်ဖို့ ဖြစ်နိုင်ခြေ များအောင် တွက်ချက်မှုကို စီစဉ်ပေးရတယ်။ ဒါကို Interference လို့ ခေါ်တယ် — မှားတဲ့ အဖြေတွေကို ဖျက်ပြီး မှန်တဲ့ အဖြေကို ထင်ရှားအောင် လုပ်တာ။
Entanglement ဆိုတာ ဘာလဲ?
Quantum Computer ရဲ့ ဒုတိယ လျှို့ဝှက်ချက်က Entanglement ပါ။ Qubit နှစ်လုံးက တစ်ခုနဲ့ တစ်ခု ချိတ်ဆက်ထားရင် တစ်ခုကို ဖတ်လိုက်တာနဲ့ တခြားတစ်ခုက ဘာဖြစ်မလဲ ချက်ချင်း သိရတယ် — ဘယ်လောက် ဝေးဝေး ဖြစ်ဖြစ်။ အမွှာ နှစ်ယောက် တစ်ယောက် တစ်ခုခု ခံစားရင် တခြားတစ်ယောက် ချက်ချင်း သိသလိုပါပဲ။
Entanglement ကြောင့် Qubit တွေက တစ်ယောက်တည်း အလုပ်လုပ်တာ မဟုတ်ဘဲ အဖွဲ့လိုက် ညှိနှိုင်းပြီး တွက်နိုင်တယ်။ ဒါက Quantum Computer ကို ရိုးရိုး ကွန်ပျူတာထက် အချို့ အလုပ်တွေမှာ အများကြီး မြန်စေတဲ့ အကြောင်းရင်းပါ။
Quantum Computer က ဘာတွေ လုပ်နိုင်လဲ?
ဆေးဝါး ရှာဖွေတာ — မော်လီကျူးတွေရဲ့ အပြုအမူကို အတိအကျ တွက်နိုင်ရင် ဆေးအသစ် ရှာတာ ပိုမြန်မယ်။ ဒီနေ့ Supercomputer နဲ့ ခက်ခဲတဲ့ မော်လီကျူး တွက်ချက်မှုတွေကို Quantum Computer က လုပ်နိုင်မယ်လို့ မျှော်လင့်ထားတယ်။
ပစ္စည်း အသစ် ဖန်တီးတာ — Battery ပိုကောင်းတာ၊ ဓာတ်မြေဩဇာ ပိုသက်သာတာ — ဒါတွေက မော်လီကျူး အဆင့်က တွက်ချက်မှု လိုတယ်။
Optimization — လေယာဉ် ခရီးစဉ် စီတာ၊ ကုန်ပစ္စည်း ပို့တာ — ရွေးချယ်စရာ သန်းပေါင်းများစွာထဲက အကောင်းဆုံး တစ်ခုကို ရှာတာ။
Cryptography ကို ခြိမ်းခြောက်တာ — Shor’s Algorithm ဆိုတဲ့ နည်းနဲ့ ကြီးတဲ့ ဂဏန်းတွေကို Factor ခွဲနိုင်ရင် RSA Encryption ကို ချိုးဖောက်နိုင်တယ်။ ဒါကြောင့် လုံခြုံရေး လောကက Post-Quantum Cryptography ကို အခုကတည်းက ပြင်ဆင်နေတယ်။ ဒါပေမယ့် စိတ်မပူပါနဲ့ — ဒီနေ့ရဲ့ Quantum Computer တွေက RSA ကို ချိုးဖောက်နိုင်ဖို့ အများကြီး လိုသေးတယ်။
ဘာလို့ အိမ်မှာ Quantum Computer မရှိသေးတာလဲ?
အရမ်း အေးဖို့ လိုတယ် — Qubit အများစုက အလွန် အေးတဲ့ အပူချိန်မှာ အလုပ်လုပ်တယ်။ Absolute Zero နဲ့ နီးပါး (-273°C)။ ရေခဲသေတ္တာထက် အဆပေါင်းများစွာ အေးတဲ့ စက်ထဲမှာ ထားရတယ်။
အမှား များတယ် — Qubit က အရမ်း ထိခိုက်လွယ်တယ်။ အပူနည်းနည်း၊ တုန်ခါနည်းနည်း၊ လျှပ်စစ်သံလိုက် လှိုင်းနည်းနည်းနဲ့ အမှား ဖြစ်သွားတယ်။ ဒါကို Decoherence လို့ ခေါ်တယ်။ Error Correction လုပ်ဖို့ Qubit အများကြီး လိုတယ်။
ဈေးကြီးတယ် — Quantum Computer တစ်လုံးက သန်းနဲ့ချီပြီး ကုန်ကျတယ်။ IBM, Google, Quantinuum လို ကုမ္ပဏီကြီးတွေပဲ ပိုင်တယ်။ သာမန် လူတွေက Cloud ကနေ ဌားသုံးရတယ်။
အရာအားလုံးမှာ မမြန်ဘူး — Quantum Computer က အချို့ တွက်ချက်မှုတွေမှာပဲ မြန်တယ်။ YouTube ကြည့်တာ၊ စာရိုက်တာ၊ ဂိမ်းဆော့တာ — ဒါတွေမှာ ရိုးရိုး ကွန်ပျူတာထက် မသာဘူး။ Laptop ကို အစားထိုးမယ့် စက်မဟုတ်ဘူး။
2019 မှာ Google က သူတို့ရဲ့ Sycamore ဆိုတဲ့ Quantum Computer က Supercomputer နဲ့ နှစ်ပေါင်း ၁၀,၀၀၀ ကြာမယ့် တွက်ချက်မှုကို ၂၀၀ စက္ကန့်နဲ့ လုပ်နိုင်ခဲ့တယ်လို့ ကြေညာခဲ့တယ်။ ဒါကို Quantum Supremacy လို့ ခေါ်တယ်။ အငြင်းပွားစရာ ရှိပေမယ့် ဒါက အစပဲ ရှိသေးတယ်။
Quantum Computer က ကွန်ပျူတာရဲ့ အနာဂတ် တစ်ခုပါ — ဒါပေမယ့် အနာဂတ်က အခုမှ စတာ။ ကိုယ့် Laptop ကို လဲဖို့ မလိုသေးဘူး။ စိတ်ဝင်စားရင် IBM Quantum Experience လို Free Tool တွေနဲ့ အစစ်အမှန် Quantum Computer ပေါ်မှာ စမ်းကြည့်လို့ရတယ်။ 🙂
—