လွယ်လွယ်ပြောရရင် AI Memory ဆိုတာ Chatbot က ကိုယ်နဲ့ ပြောခဲ့ဖူးတာတွေကို မှတ်ထားပြီး နောက်တစ်ခါ ပြန်သုံးတာပါ။ မနေ့က ကိုယ်က “ကျွန်တော် Python သင်နေတယ်” လို့ ပြောခဲ့ရင်၊ ဒီနေ့ သူက “Python သင်နေတဲ့ မင်းအတွက်” ဆိုပြီး ပြန်ဖြေတာမျိုး။

ကျွန်တော် ပထမဆုံး ဒါကို သတိထားမိတာက ChatGPT နဲ့ စကားပြောနေတုန်း ဖြစ်တယ်။ တစ်ပတ်လောက်ကြာပြီးမှ ပြန်ဖွင့်ကြည့်တော့ သူက ကျွန်တော်လုပ်နေတဲ့ Project အကြောင်းကို မှတ်မိနေတယ်။ အံ့ဩလည်းအံ့ဩတယ်၊ နည်းနည်းလည်း လန့်သွားတယ်။ “ဟာ၊ ဒီကောင်က ငါ့အကြောင်းကို မှတ်ထားတာပဲ” ဆိုတဲ့စိတ်မျိုး။

Memory က ဘယ်လို အလုပ်လုပ်တာလဲ?

ရိုးရိုးလေးပြောရရင် AI Memory က မှတ်စုစာအုပ်နဲ့ တူတယ်။ စကားပြောတိုင်း အရေးကြီးတယ်လို့ သူ ထင်တဲ့အချက်တွေကို ချရေးထားတယ်။ ပြီးတော့ နောက်တစ်ခါ စကားပြောတဲ့အခါ အဲဒီမှတ်စုကို ပြန်ဖတ်ပြီး ဖြေတယ်။

ဥပမာ ကိုယ်က “ကျွန်တော် ညနေဆို Gym သွားတယ်” လို့ ပြောခဲ့ရင်၊ သူက “Gym သွားတတ်တယ်” ဆိုတာကို မှတ်ထားမယ်။ နောက်တစ်ခါ ကိုယ်က “ကျန်းမာရေးအတွက် အစီအစဉ်လေး ဆွဲပေးပါ” လို့ မေးရင်၊ သူက Gym သွားနေတဲ့လူတစ်ယောက်အတွက် ဆိုပြီး အဖြေကို ချိန်ပေးလိမ့်မယ်။

ဒီမှာတစ်ချက်ခွဲခြားဖို့ လိုတယ်။ စကားပြောနေတုန်း မှတ်မိတာနဲ့၊ စကားပြောပြီးလည်း ဆက်မှတ်ထားတာနဲ့က မတူဘူး။

Session Memory — တစ်ခါတည်း စကားပြောနေတဲ့အချိန်အတွင်းပဲ မှတ်တာ။ Chat ကို ပိတ်လိုက်ရင် မေ့သွားတယ်။ အများစု Chatbot တွေက ဒီအဆင့်ကနေ စတယ်။
Long-term Memory — Chat ကို ပိတ်ပြီးလည်း မှတ်ထားတာ။ နောက်တစ်ပတ် ပြန်ဖွင့်လည်း အရင်ပြောခဲ့တာကို မှတ်မိနေတယ်။ ChatGPT ရဲ့ Memory Feature, Claude ရဲ့ Project Memory တွေက ဒီအမျိုးအစားပဲ။

ဘာကြောင့် Memory က အရေးကြီးတာလဲ?

Memory မရှိတဲ့ AI ဆိုတာ နေ့တိုင်း အသစ်တွေ့ရတဲ့ လူလိုပဲ။ တွေ့တိုင်း “မင်းဘယ်သူလဲ၊ ဘာလုပ်လဲ” ဆိုပြီး ပြန်မေးနေရမယ်။ အဲဒီလို ဖြစ်ရင် စိတ်ပျက်စရာ ကောင်းတယ်။

Memory ရှိတော့ ဘာတွေကောင်းသွားလဲဆိုရင်

ကိုယ့်အကြောင်း ပြန်ရှင်းပြစရာ မလိုတော့ဘူး — Project နာမည်၊ ကိုယ်သုံးနေတဲ့ Language၊ ကိုယ်နှစ်သက်တဲ့ ပုံစံ၊ ဒါတွေကို တစ်ခါပြောပြီးရင် ပြီးပြီ။
အဖြေတွေက ပိုကိုယ်နဲ့ ကိုက်လာတယ် — Beginner တစ်ယောက်နဲ့ Senior တစ်ယောက်ကို တူညီတဲ့မေးခွန်းကို ဖြေတဲ့ပုံစံ မတူသင့်ဘူးလေ။ Memory က အဲဒါကို ချိန်ပေးတယ်။
အလုပ်ရှည်ကြီးတွေ လုပ်လို့ရတယ် — စာတစ်အုပ် ရေးနေတာ၊ Project တစ်ခုကို ရက်အကြာကြီး လုပ်နေတာမျိုးမှာ၊ AI က အကြောင်းအရာကို ဆက်စပ်ပြီး ကူပေးနိုင်တယ်။

ဒါပေမယ့် သတိထားရမှာတွေ ရှိတယ်

Memory က အဆင်ပြေသလောက်၊ ကိုယ့် Privacy အတွက်တော့ တွေးရမယ်။ ကိုယ်ပြောခဲ့တဲ့ ကိုယ်ရေးကိုယ်တာအချက်တွေ — နာမည်၊ လိပ်စာ၊ ဖုန်းနံပါတ်၊ Password လို အရာတွေ — ကို AI က မှတ်ထားမိသွားနိုင်တယ်။

ကျွန်တော့်အကြံကတော့ ဒါတွေပဲ။

Memory ထဲမှာ ဘာမှတ်ထားလဲ ပြန်စစ်ပါ — ChatGPT မှာဆိုရင် Settings > Personalization > Memory ထဲမှာ မှတ်ထားတာတွေကို ကြည့်လို့ရတယ်။ မလိုတာကို ဖျက်လို့ရတယ်။
အရေးကြီးတဲ့ ကိုယ်ရေးအချက်တွေကို Chatbot ကို မပြောပါနဲ့ — Password, Bank အချက်အလက်၊ ID နံပါတ်တွေကို ဘယ်တော့မှ မပြောနဲ့။ AI ကို ပြောလိုက်တဲ့ စာက Server ပေါ်မှာ ကျန်နိုင်တယ်။
Memory ကို ပိတ်ချင်ရင် ပိတ်လို့ရတယ် — Memory Feature ကို မကြိုက်ရင် Settings ထဲမှာ Off လုပ်ထားလိုက်ရုံပဲ။ Chatbot က Session တစ်ခုတည်းမှာပဲ မှတ်တော့မယ်။
AI မှတ်ထားတာ အမြဲမှန်တယ်လို့ မယူဆနဲ့ — တစ်ခါတလေ AI က ကိုယ်ပြောတာကို လွဲပြီး မှတ်ထားတတ်တယ်။ “ကျွန်တော် Python မကြိုက်ဘူး” လို့ ပြောင်ပြောမိတာကို တကယ်မှတ်သွားတာမျိုးလည်း ဖြစ်နိုင်တယ်။ မှားမှတ်ထားရင် ပြင်ဖို့၊ ဖျက်ဖို့ မမေ့နဲ့။

Memory နဲ့ ကိုယ့်ရဲ့ စကားပြောပုံစံ

နောက်ဆုံးတစ်ချက်ပြောချင်တာက Memory ကို သုံးတတ်ရင် AI က ကိုယ့်ရဲ့ တကယ့် လက်ထောက်ဖြစ်လာတယ်။ ကိုယ်နှစ်သက်တဲ့ အဖြေပုံစံ — တိုတိုလေးလား၊ ဥပမာများများနဲ့လား၊ မြန်မာလိုလား — ကို တစ်ခါပြောပြီးရင် နောက်တိုင်း အဲဒီပုံစံအတိုင်း ဖြေပေးတယ်။

ဒါပေမယ့် Memory က ဘယ်တော့မှ လူရဲ့ မှတ်ဉာဏ်အစစ် မဟုတ်ဘူး။ သူက စာသားမှတ်စုတွေကို ပြန်ဖတ်ပြီး ဖြေနေတာပဲ။ ကိုယ့်ကို တကယ်သိတယ်လို့ ခံစားရပေမယ့်၊ အဲဒီနောက်ကွယ်မှာ ဒေတာဘေ့စ်တစ်ခုပဲ ရှိတယ် ဆိုတာကို မမေ့ပါနဲ့။

ကိုယ်ပြောသမျှကို မှတ်ထားတဲ့ AI နဲ့ စကားပြောရတာ အဆင်ပြေတယ်။ ဒါပေမယ့် ဘာကို မှတ်ခိုင်းရမလဲ၊ ဘာကို ဖျက်ပစ်ရမလဲ ဆိုတာကိုတော့ ကိုယ်တိုင် ဆုံးဖြတ်နိုင်ဖို့ လိုတယ်။ အဲဒါက ကိုယ့် ဒေတာကို ကိုယ် ထိန်းချုပ်နိုင်ခြင်းပဲ။ 🙂

Avatar photo
Min SiThu
@itsmeminsithu

Software Engineer & Tech Content Creator

View all posts