လွယ်လွယ်ပြောရရင် API ဆိုတာ Program တစ်ခုက တခြား Program တစ်ခုဆီက အကူအညီတောင်းလို့ရအောင် လုပ်ပေးထားတဲ့ စနစ်တစ်ခုဖြစ်ပါတယ်။
ဥပမာ ကိုယ်က စားသောက်ဆိုင်တစ်ဆိုင်ကို သွားတယ်ဆိုပါတော့။ မီးဖိုခန်းထဲအထိ ကိုယ်တိုင်ဝင်ပြီး ဟင်းချက်စရာမလိုဘူး။ စားပွဲထိုးကို “ထမင်းကြော်တစ်ပွဲ” လို့ မှာလိုက်ရုံပဲ။ ခဏနေတော့ ဟင်းပွဲရောက်လာတယ်။
API လည်း ဒီအတိုင်းပါပဲ။ ကိုယ်သုံးနေတဲ့ App က စားပွဲထိုးလိုမျိုး တခြား Server တွေဆီကို “ဒီအချက်အလက်လေး ပေးပါ” လို့ တောင်းပေးတယ်။ အဖြေရလာတော့ ကိုယ့်ဖုန်းပေါ်မှာ ပြန်ပြပေးတယ်။
တကယ့်ဥပမာနဲ့ ပြောရရင် ဖုန်းထဲက မိုးလေဝသ App ကို ကြည့်လိုက်။ အဲဒီ App ကိုယ်တိုင်က မိုးလေဝသ တိုင်းတာနေတာမဟုတ်ဘူး။ မိုးလေဝသဌာနရဲ့ Server ဆီကို API ကနေ “ရန်ကုန် ရာသီဥတုလေး ပြောပြပါ” လို့ လှမ်းတောင်းတာ။ အဖြေရလာတော့ ပြပေးတယ်။ ဒါပဲ။
“Login with Facebook” ဆိုတဲ့ ခလုတ်ရော နှိပ်ဖူးတယ်မဟုတ်လား။ အဲဒါလည်း API ပဲ။ ကိုယ်ဝင်မယ့် App က Facebook ဆီကို “ဒီလူ အကောင့်မှန်လား စစ်ပေးပါ” လို့ မေးတာ။ Facebook က “မှန်တယ်” လို့ ပြန်ဖြေပေးတော့ Login ဝင်သွားတယ်။ Password အသစ်ထပ်မှတ်စရာမလိုဘူး။
ဒီတော့ ဆိုလိုချင်တာက ကိုယ်နေ့တိုင်းသုံးနေတဲ့ App တိုင်းလိုလိုရဲ့ နောက်ကွယ်မှာ API တွေ အလုပ်လုပ်နေတာပါ။ API မရှိရင် App တိုင်းက အစအဆုံး ကိုယ့်ဟာကိုယ် ပြန်လုပ်နေရမှာ။ စားပွဲထိုးမရှိတဲ့ဆိုင်မှာ ကိုယ်တိုင်မီးဖိုခန်းဝင်ချက်ရသလိုပေါ့။
ဒီလောက်ဆို API ဆိုတာ ဘာလဲဆိုတာ သိလောက်ပြီထင်ပါတယ်။ 🙂