လွယ်လွယ်ပြောရရင် Open Source ဆိုတာ Software တစ်ခုရဲ့ Source Code ကို လူတိုင်း အလကား ကြည့်လို့ရ၊ သုံးလို့ရ၊ ပြင်လို့ရတဲ့ နည်းလမ်းပါ။ ပုံမှန်ဆို Software ကုမ္ပဏီတွေက သူတို့ရဲ့ Code ကို လျှို့ဝှက်ထားတယ် — သုံးချင်ရင် ဝယ်ရတယ်၊ ထဲက ဘာလုပ်နေလဲ မသိရဘူး။ Open Source ကတော့ ဆန့်ကျင်ဘက် — Code ကို အများပြည်သူကို ဖွင့်ပြထားတယ်။

ကျွန်တော် ဒါကို လက်ဖက်ရည်ဆိုင် Recipe နဲ့ ဥပမာပေးချင်တယ်။ ဆိုင်တစ်ဆိုင်က သူ့ရဲ့ လက်ဖက်ရည် ဖျော်နည်းကို လျှို့ဝှက်ထားရင် ဖျော်နည်းကို ဘယ်သူမှ မသိဘူး၊ ဆိုင်မှာပဲ သောက်လို့ရတယ်။ ဒါပေမယ့် ဆိုင်ရှင်က “ကျွန်တော့် Recipe က ဒီလိုပါ၊ ကြိုက်ရင် အိမ်မှာ ကိုယ်တိုင် ဖျော်သောက်ပါ၊ ပိုကောင်းအောင် ပြင်ပြီးရင် ပြန်မျှဝေပေးပါ” လို့ ပြောလိုက်ရင် အဲဒါ Open Source ပဲ။ Recipe ကို လူတိုင်း ယူလို့ရ၊ ပြင်လို့ရ၊ ပိုကောင်းအောင် လုပ်လို့ရ — ပြီးရင် ပြန်မျှဝေရင် လူတိုင်း အကျိုးရှိတယ်။

Open Source Software တွေ ဘယ်လောက် နေရာယူထားလဲ?

ကိုယ်နေ့တိုင်း သုံးနေတဲ့ အရာတွေ အများကြီးက Open Source တွေချည်းပဲ။

Linux — ကမ္ဘာ့ Server အများစု၊ Android ဖုန်းတွေရဲ့ အခြေခံက Linux ပဲ။ Linus Torvalds က 1991 မှာ စခဲ့တာ။
Firefox — Mozilla ရဲ့ Browser၊ Chrome နဲ့ ယှဉ်ပြိုင်နိုင်တဲ့ အခမဲ့ Browser။
Python — ကျွန်တော်တို့ ML Series မှာ သုံးနေတဲ့ Programming Language ကိုယ်တိုင်က Open Source။
WordPress — minsithu.org ကိုယ်တိုင်က WordPress နဲ့ ဆောက်ထားတာ — WordPress ကလည်း Open Source ပဲ။
VS Code — Microsoft က ထုတ်တဲ့ Code Editor၊ အခမဲ့နဲ့ Open Source။

Internet ကြီးတစ်ခုလုံးက Open Source ပေါ်မှာ ရပ်တည်နေတယ်လို့ ပြောရင် မမှားဘူး။ Google, Facebook လို ကုမ္ပဏီကြီးတွေတောင် သူတို့ရဲ့ Tool တွေ အများကြီးကို Open Source အဖြစ် မျှဝေထားတယ်။

Open Source က ဘယ်လို အလုပ်လုပ်တာလဲ?

License ရှိတယ် — MIT, Apache, GPL ဆိုတဲ့ License တွေက “ဒီ Code ကို ဘာလုပ်လို့ရ၊ ဘာလုပ်လို့မရ” ဆိုတာကို သတ်မှတ်ပေးတယ်။ MIT ဆိုရင် အလကား သုံးလို့ရ၊ ကိုယ့် Product ထဲ ထည့်လို့ရ။ GPL ဆိုရင် ပြင်ထားတဲ့ Code ကိုလည်း ပြန်မျှဝေရတယ်။
GitHub မှာ နေတယ် — Project အများစုက GitHub မှာ ရှိတယ်။ Code ကို ကြည့်လို့ရ၊ Download လုပ်လို့ရ၊ Issue တင်လို့ရ။
Community က ထိန်းတယ် — Maintainer တွေနဲ့ Volunteer တွေက Bug တွေကို ပြင်တယ်၊ Feature အသစ်တွေ ထည့်တယ်။ တစ်ယောက်တည်း လုပ်တာ မဟုတ်ဘူး၊ ကမ္ဘာအနှံ့က လူတွေ ဝိုင်းလုပ်ကြတာ။
Pull Request နဲ့ ပါဝင်လို့ရတယ် — ကိုယ်က Code ကို ပြင်ပြီး “ဒီပြင်ဆင်ချက်လေး ယူမလား” လို့ တောင်းဆိုလို့ရတယ်။ Maintainer က သဘောကျရင် Project ထဲ ထည့်ပေးတယ်။

ကိုယ်က Open Source ကို ဘယ်လို စသုံးမလဲ?

အရင် သုံးကြည့်ပါ — Firefox ကို Browser အဖြစ် သုံးတာ၊ VS Code ကို Editor အဖြစ် သုံးတာ — ဒါတွေကိုယ်တိုင်က Open Source ကို သုံးနေတာပဲ။
GitHub မှာ Project တစ်ခု ရှာပါ — ကိုယ်စိတ်ဝင်စားတဲ့ နယ်ပယ်က Project ကို ရှာပြီး README ကို ဖတ်ပါ။
Issue လေးတွေ ဖတ်ပါ — Bug Report တွေ၊ Feature တောင်းဆိုချက်တွေကို ဖတ်ရင် Project က ဘယ်လို အလုပ်လုပ်လဲ နားလည်လာမယ်။
အသေးလေး ပြင်ကြည့်ပါ — စာလုံးပေါင်း မှားတာ ပြင်တာ၊ Documentation ဖြည့်တာလောက်ကနေ စလို့ရတယ်။ Code ကြီး မရေးတတ်သေးလည်း ပါဝင်လို့ရတယ်။
License ကို အရင် ဖတ်ပါ — Commercial Project ထဲ သုံးမယ်ဆိုရင် License က ဘာခွင့်ပြုလဲ အရင် စစ်ပါ။ MIT နဲ့ Apache က အလွတ်ဆုံးပဲ။

သတိထားရမှာက Open Source ဆိုတိုင်း အလကားရတာ မဟုတ်ဘူး — တချို့ Project တွေက Maintainer တစ်ယောက်တည်းက ထိန်းထားတာ၊ သူ ပင်ပန်းသွားရင် Project က ရပ်သွားတတ်တယ်။ ပြီးတော့ Code ကို ဖွင့်ပြထားတာနဲ့ လုံခြုံတယ်လို့ မဆိုလိုဘူး — လူတိုင်း ကြည့်လို့ရတာက အားသာချက်လည်း ဖြစ်၊ Hacker တွေလည်း ကြည့်လို့ရတာက အားနည်းချက်လည်း ဖြစ်နိုင်တယ်။ ဒါပေမယ့် လူအများကြီး ကြည့်နေတာကြောင့် Bug တွေကို မြန်မြန် တွေ့တတ်တယ် — “Given enough eyeballs, all bugs are shallow” ဆိုတဲ့ စကားရှိတယ်။

Open Source ကို သုံးနေတာက ကိုယ်တစ်ယောက်တည်း အကျိုးရှိတာ မဟုတ်ဘူး — ကိုယ်က ပြန်ပါဝင်ရင် ကမ္ဘာအနှံ့က လူတွေ အကျိုးရှိတယ်။ ဒီနေ့ Python ကို အလကား သုံးနေရတာလည်း တစ်ချိန်က တစ်ယောက်ယောက်က Code ကို ဖွင့်ပေးခဲ့လို့ပဲ။ ကိုယ်လည်း တစ်နေ့ Project လေးတစ်ခု ဖွင့်ပြီး ပြန်မျှဝေနိုင်ပါတယ်။ 🙂

—

Avatar photo
Min SiThu
@itsmeminsithu

Software Engineer & Tech Content Creator

View all posts