လွယ်လွယ်ပြောရရင် Data Storage ဆိုတာ ကိုယ့်ဖိုင်တွေ၊ ဓာတ်ပုံတွေ၊ သီချင်းတွေ၊ ဗီဒီယိုတွေကို သိမ်းထားတဲ့နေရာဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ အဲဒီ “သိမ်းထားတဲ့နေရာ” က ၁၉၅၆ ခုနှစ်ကတည်းကနေ ဒီနေ့အထိ ဘယ်လို ပြောင်းလဲလာခဲ့တယ်ဆိုတာကို လျှောက်ကြည့်ကြရအောင်။
၁၉၅၆ မှာ IBM က RAMAC 305 ဆိုတဲ့ ကွန်ပျူတာကြီးကို ထုတ်ခဲ့တယ်။ Hard disk သုံးတဲ့ ပထမဆုံးကွန်ပျူတာလို့ ပြောနိုင်ပါတယ်။ အလေးချိန်က တစ်တန်ကျော်တယ်။ ၂၄ လက်မ disk ပြား ၅၀ ချပ်နဲ့ run ရတယ်။ မတ်တပ်ဗီရိုကြီးတစ်လုံးစာလောက် ထောင်ထားရတဲ့ ကွန်ပျူတာကြီးတစ်ခုလုံးမှာ သိမ်းနိုင်တဲ့ ပမာဏဟာ 7-bit character ၅ သန်း — 4.4 MB လောက်ပဲရှိတယ်။ ဒီနေ့ခေတ်မှာ MP3 တစ်ပုဒ်တောင် မဝင်ဘူးလေ။
ဒါကို ကိုယ့်ဖုန်းထဲက micro-SD ကတ်လေးနဲ့ နှိုင်းယှဉ်ကြည့်လိုက်ပါ။ အရွယ် 11 x 15 mm လောက်ပဲရှိပြီး အလေးချိန် ၀.၅ ဂရမ်ပဲ ရှိတဲ့ ကတ်လေးတစ်ချပ်က 32 GB လောက် သိမ်းနိုင်တယ်။ ဗီရိုကြီးတစ်လုံးစာ disk တွေကနေ လက်သည်းခွံတစ်ချပ်စာဆီ ရောက်လာခဲ့တာ — storage သမိုင်းရဲ့ အနှစ်ချုပ်ကတော့ ဒီတစ်ကြောင်းပါပဲ။
၁၉၆၂ မှာတော့ IBM ကပဲ IBM 1311 ကို ထုတ်တယ်။ ဒီတစ်ခါမှာ storage disk တွေကို ပြောင်းရွှေ့ထုတ်သွင်းလို့ ရလာပြီ။ Disk ပြားတစ်ချပ်က character ၂ သန်းလောက် သိမ်းထားနိုင်တယ်။ သုံးချင်တဲ့ application ကို သီးခြား disk တစ်ချပ်ချင်းစီမှာ သိမ်းထားနိုင်တဲ့ အဆင့် ရောက်လာပြီ။ နောက်ပြီး transistor နည်းပညာက vacuum tube (မီးလုံးကြီးတွေ) နည်းပညာကို အစားထိုးလိုက်ပြီ။ Hardware တွေ သေးလာတော့ အရွယ်အစားလည်း သေးလာတယ်၊ စျေးလည်း သက်သာလာတယ်။
၁၉၇၁ မှာ IBM 3330 ထွက်တယ်။ Disk တွေ ပြောင်းထုတ်နိုင်ပြီး တစ်ချပ်ကို 100 MB လောက် ဝင်ဆန့်လာပြီ။ ၁၉၇၃ ထုတ်ကွန်ပျူတာမှာ disk တစ်ချပ်ကို 200 MB လောက် သိမ်းနိုင်နေပြီ။ Access time က 30 ms၊ data transfer က 800 kb/s လောက် ရလာတယ်။
၁၉၇၁ မှာပဲ floppy disk တွေ ပေါ်လာတယ်။ Data သိုလှောင်တဲ့နယ်မှာ တော်လှန်ပြောင်းလဲမှုတစ်ခု ဖြစ်ခဲ့တာ။ သေးတယ်၊ အိပ်ဆောင်ခရီးဆောင် လုပ်လို့ရတယ်။ အစောပိုင်းထုတ် floppy က ၈ လက်မ။ နောက်မှ ၅ လက်မခွဲ အရွယ်တွေ ၁၉၇၀ နှစ်ပိုင်းမှာ ထွက်တယ်။ ၃ လက်မခွဲ အရွယ်တွေက ၁၉၈၀ နှစ်ပိုင်းလောက်မှ ရောက်လာတာ။
၁၉၈၀ မှာ IBM 3380 ထွက်တယ်။ Drive ၈ ခုပဲ ပါတော့တယ်။ တစ်ခုကို 2.5 GB လောက် သိမ်းနိုင်တယ်။ Cache memory တွေကြောင့် transfer speed က 3 MB/s လောက် ဖြစ်လာတယ်။ ကွန်ပျူတာတွေရဲ့ အရွယ်အစားက ရေခဲသေတ္တာလောက် ဖြစ်လာပြီး အလေးချိန် ၅၅၀ ပေါင် (၂၅၀ ကီလိုဂရမ်) လောက်ပဲ လေးတော့တယ်။ စျေးက ဒေါ်လာ ၆၄၈,၀၀၀ ကနေ ၁,၁၃၆,၀၀၀ လောက်အထိ ရှိတော့တယ်။ ၁၉၈၀ နှစ်ပိုင်းလောက်မှ အိမ်သုံးကွန်ပျူတာတွေ ပေါ်လာတာ။ ပထမဆုံးအိမ်သုံး hard disk ပမာဏက 5 MB လောက်ပဲ ရသေးတယ်။ ၁၉၉၀ လောက်ကျမှ 100 MB လောက်အထိ သုံးလာနိုင်တယ်။
၁၉၉၀ နောက်ပိုင်းမှာ data storage နယ်က အံ့သြလောက်အောင် တက်လာတယ်။ Floppy disk တွေနေရာမှာ CD-ROM တွေ ဝင်လာတယ်။ ပြီးတော့ DVD-ROM၊ ပြီးတော့ Blu-ray။ အိမ်သုံး PC တွေမှာ 100 GB လောက်ဆိုတာ သာမန်သုံးလောက် ဖြစ်လာတယ် (၂၀၀၅ လောက်ကတည်းက)။ ၂၀၁၀ ကျတော့ 1 terabyte (1 TB) လောက် ရောက်လာပြီ။
၂၀၀၀ ပြည့်နှစ်ပိုင်းလောက်မှာ SD (Secure Digital) ကတ်တွေ ထွက်လာပြီ။ အရွယ်အစားက လက်သည်းခွံလောက်ပဲ။ ဒစ်ဂျစ်တယ်ကင်မရာ၊ ဖုန်း၊ MP3 player တွေမှာ ထည့်သုံးနိုင်လာတယ်။ နောက်ပိုင်း micro-SD တွေ ပေါ်လာတယ်။ လက်သည်းခွံထက်တောင် သေးသွားသေးတယ်။ ၂၀၁၀ လောက်မှာ 32 GB လောက် သိမ်းနိုင်တယ်။ အရွယ် 11 x 15 mm၊ အလေးချိန် ၀.၅ ဂရမ်၊ ဒေါ်လာ ၁၀၀ လောက် ပေးရင် ရနိုင်တယ်။
ကဲ… နောက်အနာဂတ်ကို မှန်းကြည့်လိုက်စမ်းမယ်။ နောက် နှစ်ပေါင်း ၃၀ အကွာလောက်ပဲ မှန်းမှာပါ။ အဲဒီတုန်းက ခန့်မှန်းခဲ့တာတွေကို ပြန်ပြောပြရရင်…
လူ့ဦးနှောက်ရဲ့ မှတ်ဉာဏ်သိမ်းဆည်းနိုင်စွမ်းက အကြမ်းဖျင်း 3 terabytes လောက် ရှိတယ်လို့ ဆိုကြတယ်။ နောက်ပိုင်း hard disk တွေကိုလည်း အဲဒီပမာဏအတိုင်း ရအောင် တီထွင်လာနေကြတာပဲ။ ၂၀၁၁ မှာ 128 GB micro-SD ကတ်တွေ ထုတ်တော့မယ်။ သူ့ရဲ့ pipeline က 2 TB လောက်အထိ ထုတ်ဖို့လည်း မဖြစ်နိုင်စရာ အကြောင်း မရှိဘူး။ ၂၀၂၀ မကုန်ခင်မှာ micro-SD ကတ်တွေဟာ လူ့ဦးနှောက်က သိမ်းနိုင်တဲ့ ပမာဏအတိုင်းလောက်ကို ထုတ်လုပ်နိုင်လိမ့်မယ်လို့ ခန့်မှန်းထားကြတယ်။
၂၀၃၀ လောက်ရောက်ရင် micro-SD ကတ်တွေမှာ လူသားဦးနှောက်ပေါင်း ၂၀,၀၀၀ လောက်နီးပါး သိုလှောင်နိုင်စွမ်းတဲ့ မှတ်ဉာဏ်မျိုး ရလာလိမ့်မယ်။ ၂၀၄၃ လောက်ကျရင် 500 billion gigabytes လောက် သိမ်းနိုင်ပြီး ၂၀၀၉ ခုနှစ်က အင်တာနက်မှာ သိမ်းနိုင်တဲ့ ပမာဏလောက် ရလာလိမ့်မယ်။ ၂၀၅၀ လောက်ကျရင် လူသားဦးနှောက်ရဲ့ သုံးဆလောက်ကို micro-SD ကတ်တွေ သိမ်းနိုင်လိမ့်မယ်။
အင်တာနက်သုံးစွဲသူတွေကလည်း တိုးနေမှာပဲ။ ၂၀၀၀ မှာ သန်း ၃၆၀ လောက်ပဲ ရှိသေးတယ်။ ၂၀၁၀ မှာ ၁.၇ ဘီလီယံလောက် ဖြစ်လာပြီး ၂၀၂၀ လောက်ကျရင် 5 billion လောက် ရှိလာလိမ့်မယ်။ ၁၉၈၇ ခုနှစ် ကမ္ဘာ့လူဦးရေလောက် ရှိလာတာ။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာပါ အင်တာနက် သုံးနိုင်လာတယ်၊ စျေးသက်သာတယ်၊ နည်းပညာကလည်း အစွမ်းထက်လာတယ်။ နောက်ပိုင်း laptop တစ်လုံးကို ၁၀ ဒေါ်လာလောက်နဲ့ ဝယ်သုံးနိုင်တဲ့ခေတ် ရောက်လာလိမ့်မယ်။ Mobile broadband ကို လူတွေ သုံးလာကြမှာဆိုတော့ ကြိုးရှုပ်တဲ့ခေတ် မလိုတော့ဘူး။
ကာဗွန်နာနိုကျုဆိုတဲ့ နည်းပညာက အစိတ်အပိုင်းတွေကို atom-by-atom စီစဉ်လာနိုင်ပြီဆိုတော့ ဆန်စေ့လေးတစ်စေ့လောက်နဲ့လည်း အစွမ်းထက်မှာ သေချာတယ်။ နောက် ရာစုတစ်ဝက်လောက်ပဲ စောင့်ရတော့မှာပါ။ လူတွေက ပစ္စည်းတွေကို သေးအောင်ချုံ့ပြီး စွမ်းအားတွေကို အဆတိုးအောင် လုပ်လာကြမှာ သေချာတယ်။
ဗီရိုကြီးတစ်လုံးကနေ လက်သည်းခွံတစ်ချပ်ဆီအထိ — ဒါက လွန်ခဲ့တဲ့ နှစ် ၇၀ လောက်က ဖြစ်ခဲ့တာပဲ။ နောက်ထပ် နှစ် ၃၀ ကြာရင် ဘာတွေ ဖြစ်လာမလဲဆိုတာ ကျွန်တော်လည်း စိတ်ဝင်စားနေတုန်းပဲ။ 🙂
Source: Internet, Devminsithu / minsithu.org