လွယ်လွယ်ပြောရရင် Jensen Huang ဆိုတာ NVIDIA ကုမ္ပဏီကို တည်ထောင်ခဲ့သူဖြစ်ပြီး ယနေ့ခေတ် AI ခေတ်ရဲ့ နောက်ကွယ်မှာ အလုပ်လုပ်နေတဲ့ Chip တွေကို ဖန်တီးနေသူဖြစ်ပါတယ်။
1963 ခုနှစ်မှာ Taiwan က Tainan မြို့မှာ မွေးတယ်။ ငယ်ငယ်က အမေရိကကို ပြောင်းသွားတယ်။ Kentucky ပြည်နယ်မှာ ကြီးပြင်းခဲ့တယ်။ Oregon State University မှာ Electrical Engineering နဲ့ ဘွဲ့ရတယ်။ Stanford မှာ Master ဘွဲ့ ယူတယ်။ ပြီးတော့ AMD နဲ့ LSI Logic ဆိုတဲ့ Chip ကုမ္ပဏီတွေမှာ Engineer အဖြစ် အလုပ်လုပ်ခဲ့တယ်။
1993 မှာ သူငယ်ချင်းနှစ်ယောက် (Chris Malachowski နဲ့ Curtis Priem) နဲ့အတူ NVIDIA ကို တည်ထောင်ခဲ့တယ်။ နာမည်ကြီးတဲ့ ဇာတ်လမ်းကတော့ — သူတို့ သုံးယောက် San Jose မြို့က Denny’s စားသောက်ဆိုင်မှာ ထိုင်ပြီး ကုမ္ပဏီထောင်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

အစပိုင်းမှာ ဂိမ်းအတွက် Graphics Chip တွေ လုပ်တယ်။ NV1 ဆိုတဲ့ ပထမဆုံး Chip က မအောင်မြင်ခဲ့ဘူး။ ကုမ္ပဏီ ပြိုကွဲလုနီးပါး ဖြစ်ခဲ့တယ်။ ဒါပေမယ့် 1997 မှာ RIVA 128 ထွက်လာတော့ အောင်မြင်သွားတယ်။ 1999 မှာ GeForce 256 ကို ထုတ်တယ်။ NVIDIA က “GPU” ဆိုတဲ့ စကားလုံးကို အဲဒီမှာ စတင်သုံးခဲ့တာပါ။
အကြီးမားဆုံး အလှည့်အပြောင်းက 2006 မှာ ရောက်လာတယ်။ CUDA ဆိုတဲ့ နည်းပညာကို ထုတ်လိုက်တယ်။ GPU ဆိုတာ ဂိမ်းဆော့ဖို့အတွက်ပဲ မဟုတ်တော့ဘူး — တွက်ချက်မှုမှန်သမျှကို လုပ်နိုင်တဲ့ စက်ဖြစ်လာတယ်။ အဲဒီတုန်းက လူတွေ သိပ်နားမလည်ကြဘူး။
2012 မှာ AlexNet ဆိုတဲ့ AI Model ကို NVIDIA ရဲ့ GPU တွေနဲ့ Train လုပ်ပြီး အောင်မြင်သွားတယ်။ အဲဒီကနေစပြီး AI ခေတ် စတင်လာတယ်။ ChatGPT လို AI တွေရဲ့ နောက်ကွယ်မှာ NVIDIA ရဲ့ Chip တွေ အလုပ်လုပ်နေတာပါ။ Data Center တွေမှာ H100, A100 ဆိုတဲ့ Chip တွေ ထောင်သောင်းချီပြီး သုံးနေကြတယ်။
လွယ်လွယ်ပြောရရင် ရွှေတူးတဲ့ခေတ်မှာ ရွှေတူးသူတွေထက် ပေါက်တူးရောင်းတဲ့သူက ပိုချမ်းသာတယ်ဆိုတဲ့ စကားရှိတယ်။ Jensen Huang က AI ရွှေခေတ်ရဲ့ ပေါက်တူးရောင်းသူပါ။ AI ကုမ္ပဏီတိုင်းက သူ့ Chip တွေ ဝယ်သုံးနေရတာပါ။
Chip Engineer တစ်ယောက်ကနေ စခဲ့ပြီး ကမ္ဘာ့ AI ခေတ်ကို တည်ဆောက်ပေးခဲ့တဲ့ ဇာတ်လမ်းပါ။ ကိုယ် ယုံကြည်တဲ့ နည်းပညာတစ်ခုကို ဆယ်စုနှစ်နဲ့ချီ စောင့်ပြီး လောင်းခဲ့တဲ့ လူတစ်ယောက်ရဲ့ ဇာတ်လမ်းပါ။ 🙂
Source: Internet
– Min SiThu (www.minsithu.org)