လွယ်လွယ်ပြောရရင် Watering Hole Attack ဆိုတာ Hacker က သူ့ပစ်မှတ်တွေ အမြဲဝင်လေ့ရှိတဲ့ Website တစ်ခုကို အရင်ချိုးဖောက်ပြီး အဲဒီ Site မှာ ထောင်ချောက်ဆင်ထားတဲ့ တိုက်ခိုက်နည်းပါ။ ပစ်မှတ်က အဲဒီ Site ကို ပုံမှန်အတိုင်း ဝင်ကြည့်လိုက်တာနဲ့ သူ့ဖုန်း၊ သူ့ကွန်ပျူတာထဲကို Malware ဝင်သွားပါတယ်။ Hacker က ပစ်မှတ်ဆီ တိုက်ရိုက်လာတာ မဟုတ်ဘူး — ပစ်မှတ် လာတတ်တဲ့ နေရာမှာ စောင့်နေတာပါ။
ကျွန်တော် ဒါကို တောထဲက ရေတွင်းနဲ့ ဥပမာပေးချင်တယ်။ တောရိုင်းတိရစ္ဆာန်တွေက နေ့တိုင်း ရေသောက်ဖို့ ရေတွင်းတစ်ခုဆီ လာကြတယ်။ မုဆိုးတစ်ယောက်က သားကောင်ကို တောထဲ လိုက်ရှာတာ မဟုတ်ဘူး — ရေတွင်းနားမှာ ပုန်းပြီး စောင့်နေတယ်။ သားကောင် ရေသောက်ဖို့ ရောက်လာတဲ့အချိန်မှာပဲ တိုက်ခိုက်တယ်။ Watering Hole Attack လည်း အတူတူပါပဲ။ Hacker က ပစ်မှတ် နေ့တိုင်းဝင်တဲ့ Website ကို ရေတွင်းအဖြစ် ရွေးပြီး အဲဒီမှာ စောင့်နေတာပါ။
ဘယ်လို တိုက်ခိုက်တာလဲ?
ဒီတိုက်ခိုက်နည်းမှာ အဆင့် ၃ ဆင့် ရှိပါတယ်။
ပစ်မှတ်ကို ရွေးတာ — Hacker က အဖွဲ့အစည်းတစ်ခု ဒါမှမဟုတ် လူတစ်စုကို ရွေးတယ်။ ဥပမာ ဘဏ်တစ်ခုရဲ့ ဝန်ထမ်းတွေ၊ ကုမ္ပဏီတစ်ခုရဲ့ Engineer တွေ။
သူတို့ ဝင်လေ့ရှိတဲ့ Site ကို ရှာတာ — အဲဒီလူတွေ နေ့တိုင်း ဝင်ကြည့်တဲ့ Site က ဘာလဲ။ လုပ်ငန်းဆိုင်ရာ သတင်းဆိုဒ်၊ Supplier ရဲ့ Portal၊ အလုပ်နဲ့ ဆိုင်တဲ့ Forum — ဒါမျိုးတွေပါ။
Site ကို ချိုးဖောက်ပြီး ထောင်ချောက်ဆင်တာ — Hacker က အဲဒီ Site ရဲ့ အားနည်းချက်ကို သုံးပြီး Malicious Code ခိုးထည့်ထားတယ်။ ပစ်မှတ်က Site ကို ဝင်ကြည့်လိုက်တာနဲ့ သူ့ရဲ့ Browser ထဲက အားနည်းချက်ကနေ Malware Download ဖြစ်သွားပါတယ်။ တစ်ခါတလေ ဘာမှတောင် နှိပ်စရာ မလိုဘူး — Page ပွင့်လိုက်တာနဲ့တင် ကူးစက်သွားနိုင်ပါတယ်။
ဒီနည်းက Phishing နဲ့ မတူပါဘူး။ Phishing က Email အတုပို့ပြီး Link နှိပ်ခိုင်းတာပါ — ပစ်မှတ်က သတိထားမိရင် မနှိပ်ဘူး။ Watering Hole မှာတော့ ပစ်မှတ်က သူနေ့တိုင်း ဝင်နေကျ တကယ့် Site ကို ဝင်တာပါ။ ဘာမှသံသယဖြစ်စရာ မရှိပါဘူး။ ဒါကြောင့် ဒီနည်းက အရမ်းအန္တရာယ်များပါတယ်။
တကယ်ဖြစ်ခဲ့တဲ့ ဥပမာတွေ
၂၀၁၃ ခုနှစ်မှာ အမေရိကန်ရဲ့ နာမည်ကြီး နိုင်ငံခြားရေးရာ အဖွဲ့အစည်း Council on Foreign Relations ရဲ့ Website ကို တိုက်ခိုက်ခံခဲ့ရပါတယ်။ အဲဒီ Site ကို ဝင်ကြည့်တဲ့ သူတွေရဲ့ ကွန်ပျူတာထဲကို Malware ဝင်သွားတယ်။ ပစ်မှတ်က သာမန် လူတွေ မဟုတ်ဘူး — အစိုးရအရာရှိတွေ၊ သံတမန်တွေ ဝင်ကြည့်လေ့ရှိတဲ့ Site ပါ။
နောက်ထပ် ဥပမာတစ်ခုက ဟိုတယ်နဲ့ ခရီးသွား လုပ်ငန်းမှာ ဖြစ်ခဲ့ပါတယ်။ တိုက်ခိုက်သူတွေက ခရီးသွား Agent တွေ အမြဲသုံးတဲ့ Booking Site တစ်ခုကို ချိုးဖောက်ပြီး အဲဒီကနေ ဟိုတယ်ဝန်ထမ်းတွေ၊ ခရီးသွား ကုမ္ပဏီတွေဆီ Malware ဖြန့်ခဲ့ပါတယ်။ ပစ်မှတ်က တစ်ယောက်တည်း မဟုတ်ဘူး — အဲဒီ Site သုံးတဲ့သူတိုင်း ထိခိုက်နိုင်ပါတယ်။
ဘယ်သူတွေ ပိုအန္တရာယ်များလဲ?
တကယ်တော့ လူတိုင်းထိနိုင်ပါတယ်။ ဒါပေမယ့် အထူးသဖြင့် ဒီလူတွေ ပိုသတိထားသင့်ပါတယ်။
အလုပ်မှာ သတ်မှတ်ထားတဲ့ Website တွေကို နေ့တိုင်း ဝင်ရတဲ့သူတွေ — ဘဏ်ဝန်ထမ်း၊ အစိုးရဝန်ထမ်း၊ ကုမ္ပဏီ Engineer တွေ။
လုပ်ငန်းနယ်ပယ်တစ်ခုတည်းမှာ လူတိုင်း သုံးတဲ့ Portal၊ Forum တွေကို ဝင်တဲ့သူတွေ။
Software Download လုပ်ဖို့ တရားဝင် Site တစ်ခုတည်းကို အားကိုးရတဲ့သူတွေ။
တရားဝင် Site တစ်ခုကိုတောင် ချိုးဖောက်ခံရနိုင်တယ်ဆိုတာ အံ့ဩစရာပါ။ ဒါပေမယ့် Site ကြီးတွေမှာလည်း အားနည်းချက် ရှိနိုင်ပါတယ်။ Hacker က Site ကို တိုက်ရိုက်ချိုးဖောက်တာမဟုတ်ဘဲ Site မှာ သုံးထားတဲ့ Ad Network ဒါမှမဟုတ် Plugin တစ်ခုကနေ ဝင်တာမျိုးလည်း ရှိပါတယ်။
ကိုယ့်ကိုယ်ကို ဘယ်လို ကာကွယ်မလဲ?
သတင်းကောင်းက ဒီတိုက်ခိုက်နည်းကို ကာကွယ်ဖို့ နည်းလမ်းတွေ ရှိပါတယ်။ ခက်ခဲတာလည်း မဟုတ်ပါဘူး။
Browser ကို အမြဲ Update လုပ်ပါ — Watering Hole တိုက်ခိုက်မှုအများစုက Browser ရဲ့ အားနည်းချက်ဟောင်းတွေကို သုံးတာပါ။ Update လုပ်ထားရင် အဲဒီအားနည်းချက်တွေ ပိတ်သွားပါပြီ။
OS နဲ့ Software တွေကိုလည်း Update လုပ်ပါ — Browser တစ်ခုတည်း မဟုတ်ဘူး၊ Windows၊ Chrome၊ Plugin အားလုံး Update ဖြစ်နေဖို့ လိုပါတယ်။
Ad Blocker သုံးပါ — Malicious Code အများစုက ကြော်ငြာကနေတစ်ဆင့် ဝင်တတ်ပါတယ်။ Ad Blocker ရှိရင် အဲဒီလမ်းကြောင်း တစ်ခု ပိတ်သွားပါတယ်။
Antivirus ကို ဖွင့်ထားပါ — Malware Download ဖြစ်သွားရင်တောင် Antivirus က ဖမ်းပေးနိုင်ပါတယ်။
အလုပ်သုံး Device နဲ့ ကိုယ်ပုံး Device ကို ခွဲပါ — အလုပ်နဲ့ ဆိုင်တဲ့ Site တွေကို အလုပ် Computer နဲ့ပဲ ဝင်ပါ။ ကိုယ်ပုံး ဖုန်းနဲ့ ရောပြီး မဝင်ပါနဲ့။
သံသယဖြစ်စရာ တစ်ခုခု တွေ့ရင် IT ကို ပြောပါ — Site တစ်ခုက ပုံမှန်မဟုတ်ဘဲ နှေးနေတာ၊ Download တစ်ခုခု အလိုလို စတာမျိုး တွေ့ရင် တစ်ယောက်တည်း မဖြေရှင်းပါနဲ့။
သတိထားရမယ့် အချက်တစ်ခုထပ်
Watering Hole Attack ကို ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းက “တရားဝင် Site ဆိုရင် လုံခြုံတယ်” လို့ တွေးတဲ့ အတွေးကို ဖျက်ပစ်ဖို့ပါ။ Phishing ဆောင်းပါးမှာ ပြောခဲ့သလိုပဲ — အတု Site ကိုလည်း သတိထားရသလို၊ အစစ် Site ကိုလည်း ၁၀၀% ယုံလို့ မရပါဘူး။ Site တိုင်းမှာ အားနည်းချက် ရှိနိုင်တယ်။ ဒါကြောင့် ကိုယ့်ဘက်က Update လုပ်တာ၊ Antivirus ဖွင့်ထားတာက အမြဲလိုအပ်ပါတယ်။
Hacker တွေက သင့်ဆီ တိုက်ရိုက်လာတာ မဟုတ်တော့ပါဘူး။ သင်သွားတတ်တဲ့ နေရာမှာ ထောင်ချောက် ဆင်ပြီး စောင့်နေကြပါပြီ။ ဒါကို သိထားရင် သင်က တစ်ဆင့်သာနေပါပြီ။ Browser Update လုပ်ဖို့ သတိပေးတဲ့ Pop-up တက်လာတိုင်း “နောက်မှ” လို့ နှိပ်မယ့်အစား အခုပဲ Update လုပ်လိုက်ပါ။ အဲဒီ ၂ မိနစ်က သင့်ကို တိုက်ခိုက်မှုတစ်ခုလုံးကနေ ကာကွယ်ပေးနိုင်ပါတယ်။ 🙂
—