လွယ်လွယ်ပြောရရင် WAF (Web Application Firewall) ဆိုတာ Website ရှေ့ကနေ လာသမျှ Request တိုင်းကို စစ်ပြီး မကောင်းတဲ့ Request တွေကို ဝင်မလာအောင် တားတဲ့ System ပါ။ ပုံမှန် Firewall က Network အဆင့်မှာ Port တွေ၊ IP တွေ ကို စစ်ပါတယ်။ WAF ကတော့ Web အဆင့်မှာ စစ်ပါတယ် — ဘယ် URL ကို တောင်းနေလဲ၊ Form ထဲမှာ ဘာတွေ ထည့်ထားလဲ၊ SQL Injection လား၊ XSS လား ဆိုတာတွေကို ကြည့်ပြီး ဆုံးဖြတ်တာပါ။
ကျွန်တော် ဒါကို အဆောက်အဦ ဝင်ပေါက်က လုံခြုံရေးဂိတ်နဲ့ ဥပမာပေးချင်တယ်။ အဆောက်အဦး တစ်ခုမှာ ဂိတ်က လူဝင်တိုင်း ဘယ်သူ့ဆီ လာတာလဲ၊ ဘာကိစ္စနဲ့ လာတာလဲ၊ သံသယဖြစ်စရာ ပစ္စည်း ပါလာလားဆိုတာ စစ်ပါတယ်။ ပုံမှန်လာတဲ့သူကို ဝင်ခွင့်ပေးပြီး သံသယဖြစ်တဲ့သူကို တားပါတယ်။ WAF လည်း အတူတူပါပဲ။ Website ကို လာသမျှ Request တိုင်းကို စစ်ပြီး ကောင်းတဲ့သူကို ဖြတ်သန်းခွင့်ပေး၊ မကောင်းတဲ့သူကို ဂိတ်မှာ တားပါတယ်။
WAF က ဘာတွေ တားပေးလဲ?
WAF ရဲ့ အဓိက အလုပ်က OWASP Top 10 လို့ ခေါ်တဲ့ အဖြစ်များဆုံး Web တိုက်ခိုက်မှုတွေကို တားတာပါ။
SQL Injection — Login Form ထဲမှာ ‘ OR ‘1’=’1 လို Code ထည့်ပြီး Database ကို လိမ်ဝင်တဲ့ နည်းပါ။ WAF က ဒီလို ပုံစံပါတဲ့ Request ကို တွေ့တာနဲ့ တားပါတယ်။
XSS (Cross-Site Scripting) — Website ထဲကို JavaScript Code ခိုးထည့်တဲ့နည်းပါ။ WAF က script ဆိုတဲ့ ပုံစံတွေကို စစ်ပြီး တားပေးပါတယ်။
Path Traversal — ../../etc/passwd လို ရေးပြီး Server ထဲက ဖိုင်တွေကို ခိုးဖတ်တဲ့နည်းပါ။ WAF က ဒီလို လမ်းကြောင်းပုံစံတွေကို ပိတ်ပါတယ်။
Bot တွေ — WAF က လူအစစ်နဲ့ Bot ကို ခွဲခြားနိုင်ပါတယ်။ Content ကို အလိုလို ဆွဲယူနေတဲ့ Scraper Bot တွေ၊ Login ကို အကြိမ်ကြိမ် စမ်းနေတဲ့ Bot တွေကို Rate Limit နဲ့ တားပါတယ်။
DDoS — Request အများကြီး တစ်ပြိုင်နက် ဝင်လာရင် WAF က ဖြတ်ပြီး Website မကျအောင် ကူညီပါတယ်။
ဒီတိုက်ခိုက်မှုတွေက Website တိုင်းကို နေ့စဉ် လာနေတာပါ။ သင့် Site က သေးသေးလေးဖြစ်နေလည်း Bot တွေက အလိုလို ရှာပြီး စမ်းနေပါတယ်။ WAF မရှိရင် ဒီ Request တွေအားလုံး Server အထိ ရောက်သွားပြီး သင့် App ကိုယ်တိုင်က တစ်ခုချင်း ခံရပါလိမ့်မယ်။
WAF က ဘယ်လို ဆုံးဖြတ်တာလဲ?
WAF က Rule တွေနဲ့ အလုပ်လုပ်ပါတယ်။
Signature Rule — သိထားတဲ့ တိုက်ခိုက်မှု ပုံစံတွေကို မှတ်ထားပြီး တိုက်ဆိုင်ရင် တားပါတယ်။ Virus Scanner က Virus ပုံစံကို မှတ်ထားသလိုပါပဲ။ ဥပမာ Request ထဲမှာ UNION SELECT ဆိုတဲ့ စကားလုံး ပါလာရင် SQL Injection ဖြစ်နိုင်တယ်လို့ သံသယဝင်ပါတယ်။
Managed Rule — Cloudflare, AWS လို ကုမ္ပဏီတွေက Rule Set အသင့်လုပ်ထားတာကို သုံးပါတယ်။ သူတို့က တိုက်ခိုက်မှု အသစ်တွေပေါ်လာတိုင်း Rule ကို Update လုပ်ပေးပါတယ်။ ကိုယ်တိုင် Rule ရေးစရာ မလိုပါဘူး။
Custom Rule — ကိုယ့် Site နဲ့ ကိုက်ညီတဲ့ Rule ကို ကိုယ်တိုင် ရေးလို့ရပါတယ်။ ဥပမာ /admin/ ကို မြန်မာနိုင်ငံ IP ကပဲ ဝင်ခွင့်ပေးမယ်၊ Login ကို ၁ မိနစ်မှာ ၅ ကြိမ်ထက် ပိုစမ်းရင် ပိတ်မယ်ဆိုပြီး သတ်မှတ်လို့ရပါတယ်။
Rate Limiting — IP တစ်ခုကနေ Request အများကြီး ဝင်လာရင် ခဏ ပိတ်ပါတယ်။ Login ကို တစ်လုံးချင်း လိုက်စမ်းတဲ့ Brute Force တိုက်ခိုက်မှုကို ဒီနည်းနဲ့ တားနိုင်ပါတယ်။
Firewall နဲ့ ဘာကွာလဲ?
မေးလေ့ ရှိတဲ့ မေးခွန်းပါ။ ပုံမှန် Firewall (Network Firewall) က Network အဆင့်မှာ အလုပ်လုပ်ပါတယ်။ Port 80, Port 443 ဖွင့်ထားလား၊ ဘယ် IP က ဝင်လို့ရလဲဆိုတာကိုပဲ စစ်ပါတယ်။ Request ထဲမှာ ဘာပါလဲဆိုတာ မကြည့်ပါဘူး။
WAF က Application အဆင့်မှာ အလုပ်လုပ်ပါတယ်။ Request ထဲမှာ ဘာပါလဲဆိုတာကို အသေးစိတ် ကြည့်ပါတယ်။ ပုံမှန် Firewall က “တံခါး ဖွင့်ထားလား” ပဲ စစ်ပြီး WAF က “ဝင်လာတဲ့သူ ဘာယူလာလဲ” ကို စစ်တာပါ။ နှစ်ခုလုံး လိုအပ်ပြီး တစ်ခုက တစ်ခုကို အစားထိုးလို့ မရပါဘူး။
CDN နဲ့လည်း မတူပါဘူး။ CDN က Content ကို မြန်မြန် ပို့ပေးတဲ့ System ပါ။ WAF က လုံခြုံရေး System ပါ။ Cloudflare လို Service တွေက နှစ်ခုလုံးကို တစ်ပြိုင်နက် ပေးတာကြောင့် လူတွေ ရောတတ်ကြပါတယ်။
ကိုယ့် Site မှာ WAF ဘယ်လို တပ်မလဲ?
အလွယ်ဆုံးနည်းက Cloudflare ရဲ့ Free Plan ကို သုံးတာပါ။
Cloudflare အကောင့် ဖွင့်ပြီး ကိုယ့် Domain ကို ထည့်ပါ။
Cloudflare ပေးတဲ့ Nameserver ကို Domain မှာ ပြောင်းပါ။
WAF က အလိုလို ဖွင့်ထားပြီးသား ဖြစ်သွားပါလိမ့်မယ် — Free Plan မှာတောင် အခြေခံ Rule တွေပါပါတယ်။
Dashboard က Security > WAF မှာ Rule တွေကို ကြည့်ပြီး ကိုယ့်အတွက် လိုအပ်တဲ့ Custom Rule ထပ်ထည့်လို့ရပါတယ်။
AWS သုံးနေရင် AWS WAF ကို Application Load Balancer ရှေ့မှာ တပ်လို့ရပါတယ်။ WordPress Site ဆိုရင် Wordfence လို Plugin လည်း WAF အဖြစ် အလုပ်လုပ်ပါတယ်။ ဒါပေမယ့် Plugin WAF က Server ထဲမှာ အလုပ်လုပ်တာဖြစ်လို့ Request က Server အထိ ရောက်ပြီးမှ တားတာပါ။ Cloudflare လို Cloud WAF ကတော့ Request က Server မရောက်ခင် တားနိုင်လို့ ပိုကောင်းပါတယ်။
WAF ကို တပ်လိုက်တာနဲ့ တိုက်ခိုက်မှု အားလုံး ကင်းသွားတာတော့ မဟုတ်ပါဘူး။ WAF က ဂိတ်စောင့်ပါ — ဂိတ်စောင့်ကောင်းပေမယ့် အတွင်းထဲမှာ တံခါး မလုံတာတွေ ရှိနေရင် ဝင်လို့ရနိုင်ပါတယ်။ ဒါကြောင့် WAF နဲ့အတူ Update မှန်မှန် လုပ်တာ၊ Password အားကောင်းတာ၊ Backup ရှိတာတွေလည်း လိုအပ်ပါတယ်။ ဒါပေမယ့် Website တစ်ခုအတွက် WAF ဆိုတာ အခြေခံအကျဆုံး ကာကွယ်မှု တစ်ခုပါ။ Site သေးသေးလေးဖြစ်နေလည်း တပ်ထားသင့်ပါတယ် — Bot တွေက Site အကြီးအသေးကို မရွေးပါဘူး။ 🙂
—