လွယ်လွယ်ပြောရရင် Cryptojacking ဆိုတာ Hacker က ကိုယ့်ဖုန်း ဒါမှမဟုတ် ကွန်ပျူတာကို ခိုးပြီး Crypto တူးခိုင်းတာပါ။ ကိုယ့်စက်ရဲ့ စွမ်းအားနဲ့ ကိုယ့်လျှပ်စစ်နဲ့ သူတို့ Crypto ရှာနေတာ။ ကိုယ်က ဘာမှ မသိဘဲ သူတို့ကို အလုပ်လုပ်ပေးနေရသလိုပါပဲ။
ကျွန်တော် ဒါကို အိမ်က မီးနဲ့ ဥပမာပေးချင်တယ်။ သင့်အိမ်က မီးကြိုးကို ဘေးအိမ်က ခိုးချိတ်ထားတယ်ဆိုပါစို့။ သူတို့အိမ်မှာ မီးလင်းနေတယ်၊ Aircon ဖွင့်ထားတယ်။ ဒါပေမယ့် မီတာခက သင့်အကောင့်ထဲက ကျတာပါ။ Cryptojacking လည်း အတူတူပါပဲ။ Hacker က ကိုယ့်ကွန်ပျူတာရဲ့ CPU ကို ခိုးသုံးပြီး Crypto တူးနေတယ်။ လျှပ်စစ်ခက ကိုယ်ကျတယ်၊ ပိုက်ဆံက သူတို့ရတယ်။
ဘယ်လို ခိုးဝင်လာတာလဲ?
Cryptojacking က နည်းလမ်း အဓိက ၂ မျိုးနဲ့ ဝင်လာပါတယ်။
Website ကနေ — Website တစ်ခုကို ဝင်ကြည့်လိုက်တာနဲ့ အဲဒီ Site ထဲက JavaScript Code က Browser ထဲမှာ Run သွားပြီး Crypto တူးတာပါ။ Tab ကို ပိတ်လိုက်ရင် ရပ်သွားပါတယ်။ 2017 ခုနှစ်မှာ Coinhive ဆိုတဲ့ Service က ဒီနည်းကို “Website ပိုင်ရှင်တွေ ဝင်ငွေရှာတဲ့နည်း” ဆိုပြီး ရောင်းခဲ့ပါတယ်။ နောက်ပိုင်းမှာ Hacker တွေက သူတို့ကိုယ်တိုင် Website တွေထဲ ဒီ Code ကို ခိုးထည့်လာကြတယ်။ ကြော်ငြာတွေ၊ ရုပ်ရှင်ကြည့်တဲ့ Site တွေမှာ ဒါမျိုး အများကြီး တွေ့ရတတ်ပါတယ်။
Malware ကနေ — Email Attachment ဖွင့်မိတာ၊ Crack လုပ်ထားတဲ့ Software Download လုပ်မိတာ၊ အလကား Game တစ်ခုခု သွင်းမိတာကနေ Malware က ကိုယ့်စက်ထဲ ရောက်လာပြီး နောက်ကွယ်မှာ Crypto တူးနေတာပါ။ ဒါက ပိုဆိုးပါတယ်။ Browser ပိတ်လည်း ရပ်မသွားဘူး။ စက်ဖွင့်ထားသမျှ တူးနေမှာပါ။
ကိုယ့်စက် Cryptojacking ခံနေရင် ဘယ်လို သိမလဲ?
CPU က အမြဲ 90% – 100% လောက် တက်နေတယ်။ ဘာမှ မဖွင့်ထားဘဲ Fan က အသံကျယ်ကျယ် လည်နေတယ်။ Laptop က ပူနေတယ်။
စက်က ထူးထူးခြားခြား နှေးလာတယ်။ Browser ဖွင့်တာ၊ File ဖွင့်တာ ပုံမှန်ထက် ကြာလာတယ်။
ဖုန်းဘက်ထရီက ပုံမှန်ထက် မြန်မြန် ကုန်လာတယ်။ အားသွင်းထားရင်းတောင် ဘက်ထရီ နည်းသွားတယ်။
လျှပ်စစ်ခ ဒါမှမဟုတ် Data သုံးစွဲမှု ရုတ်တရက် တက်လာတယ်။ Crypto တူးတဲ့ Program က Internet ကို အဆက်မပြတ် သုံးနေလို့ပါ။
Windows မှာ Task Manager (Ctrl + Shift + Esc) ဖွင့်ပြီး CPU ကို ဘယ် Program က အများဆုံး သုံးနေလဲဆိုတာ စစ်ကြည့်လို့ ရပါတယ်။ နာမည်မသိတဲ့ Program တစ်ခုက CPU ကို 80% ကျော် သုံးနေရင် သံသယဝင်ရမှာပါ။ Mac မှာတော့ Activity Monitor နဲ့ စစ်လို့ ရပါတယ်။
ဘာလို့ အန္တရာယ်ရှိတာလဲ?
Cryptojacking က ကိုယ့်ပိုက်ဆံ တိုက်ရိုက်ခိုးတာ မဟုတ်ပေမယ့် ပျက်စီးမှုက တကယ်ရှိပါတယ်။
ကွန်ပျူတာရဲ့ သက်တမ်း တိုသွားတယ်။ CPU က အမြဲ 100% Run နေရင် အပူလွန်ပြီး Hardware ပျက်စီးနိုင်ပါတယ်။
လျှပ်စစ်ခ တက်တယ်။ Crypto တူးတဲ့ စက်တစ်လုံးက မီးအားကို ပုံမှန်ထက် အများကြီး သုံးပါတယ်။
ဖုန်းဆို ဘက်ထရီ ပျက်စီးနိုင်တယ်။ အပူများပြီး ဘက်ထရီ ဖောင်းလာတာမျိုးအထိ ဖြစ်နိုင်ပါတယ်။
ကုမ္ပဏီတွေမှာဆို ပိုဆိုးပါတယ်။ Server တွေမှာ Cryptojacking Malware ရောက်သွားရင် Cloud ဘေလ် ထောင်နဲ့ချီ တက်သွားနိုင်ပါတယ်။ ကိုယ့်စက်တစ်ခုတည်း မဟုတ်ဘဲ Network ထဲက စက်အားလုံး ကူးစက်နိုင်ပါတယ်။
ဘယ်လို ကာကွယ်ရမလဲ?
Ad Blocker သုံးပါ။ uBlock Origin လို Ad Blocker တွေက Browser ထဲမှာ Crypto တူးတဲ့ Script တွေကို ပိတ်ပေးပါတယ်။
Crack Software, အလကား Game, အလကား Movie တွေ Download မလုပ်ပါနဲ့။ ဒါတွေထဲမှာ Cryptojacking Malware ပါလာတတ်ပါတယ်။
Software တွေကို Update လုပ်ပါ။ Browser, OS ကို နောက်ဆုံးဗားရှင်းမှာ ထားရင် လုံခြုံရေး အပေါက်တွေ ပိတ်ထားပြီးသား ဖြစ်ပါတယ်။
Antivirus သုံးပါ။ Windows Defender လို အခမဲ့ Antivirus ကတောင် Cryptojacking Malware တော်တော်များများကို ဖမ်းမိပါတယ်။
Task Manager ကို တစ်ခါတစ်လေ စစ်ကြည့်ပါ။ CPU ကို မသိတဲ့ Program က အများကြီး သုံးနေရင် အဲဒါကို End Task လုပ်ပြီး Antivirus နဲ့ Scan ဖတ်ပါ။
Email Attachment ကို မစစ်ဘဲ မဖွင့်ပါနဲ့။ မသိတဲ့သူဆီက လာတဲ့ File တွေက အန္တရာယ်အရှိဆုံးပါ။
ကျွန်တော်ကိုယ်တိုင် Laptop က Fan အသံကျယ်လာတိုင်း Task Manager ဖွင့်ပြီး တစ်ချက် စစ်ကြည့်နေကျပါ။ ကိုယ့်စက်က ကိုယ့်အလုပ်ပဲ လုပ်နေရမှာ။ တခြားသူအတွက် Crypto တူးပေးနေရတာမျိုး မဖြစ်စေနဲ့ပေါ့။ စက်နှေးလာရင်၊ ပူလာရင်၊ Fan အသံကျယ်လာရင် “ငါ့စက်ထဲမှာ တစ်ယောက်ယောက် ခိုးဝင်နေသလား?” လို့ တစ်ချက် စဉ်းစားကြည့်ပါ။ 🙂
—